ဆီးရီးယား ဒုက္ခသည် စခန်းသစ် ဂျော်ဒန်မှာ ဖွင့်

ဓာတ်ပုံ မူပိုင် Reuters
Image caption al_Azraq ဒုက္ခသည်စခန်း

ဆီးရီးယား နိုင်ငံကနေ ထွက်ပြေး ခိုလှုံလာတဲ့ ဒုက္ခသည်တွေ အတွက် ဒုက္ခသည် စခန်းကြီး တစ်ခုကို ဂျော်ဒန် နိုင်ငံ သဲကန္တာရမှာ ဖွင့်လှစ်လိုက်ပါတယ်။

ကနဦးတုန်းကတော့ အဲဒီ အယ်အက်ဇ်ရက် al-Azraq ဒုက္ခသည်စခန်းဟာ ဒုက္ခသည် ၅ သောင်းလောက် အတွက်ပဲ နေရာရှိတာ ဖြစ်ပေမယ့် အခုအခါ နောက်ထပ် ချဲ့ဖို့ စီစဉ်နေပါတယ်။

အဲဒီမှာ နေရာချထားမယ့် ပထမ အသုတ် ဒုက္ခသည် ရာပေါင်း အနည်းငယ်လောက် ကတော့ စခန်းကို ရောက်လာကြပြီ ဖြစ်ပါတယ်။

ဒီဒုက္ခသည် စခန်းဟာ နေရပ် စွန့်ခွာ ထွက်ပြေးလာကြ သူတွေအတွက် ဆောက်မယ့် ဒုက္ခသည်စခန်းတွေထဲမှာ အကောင်းဆုံး ဒုက္ခသည်စခန်း ဖြစ်မယ်လို့ ဆိုပါတယ်။

အဲဒီ ဒုက္ခသည်စခန်းမှာ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ ရဲဌာနတွေနဲ့ ကုန်စုံဆိုင်ကြီး တစ်ခု ထားရှိမှာ ဖြစ်ပြီး ဒုက္ခသည်တွေအတွက် ထောင်နဲ့ချီတဲ့ နေအိမ်တွေ ပါဝင်ပါတယ်။

ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီ အဖွဲ့အနေနဲ့ ဆီးရီးယား ဒုက္ခသည်တွေ ခိုလှုံ နေထိုင်နေတဲ့ ဂျော်ဒန်နိုင်ငံ ဇာတာရီ ဒုက္ခသည် စခန်းက အတွေ့အကြုံဆိုး တွေကနေ သင်ခန်းစာ ယူပြီး ဒီ အယ်အက်ဇ်ရက် ဒုက္ခသည်စခန်းကို တည်ဆောက်ခဲ့တာလို့ အဲဒီမှာ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ