ဆီးရီးယားရေး လုံခြုံရေးကောင်စီကို ဝေဖန်

  • 30 ဧပြီ 2014
un_304x171_reuters ဓာတ်ပုံ မူပိုင် Reuters
Image caption ဆီးရီးယားအရေးကို လုံခြုံရေးကောင်စီမှာ တင်ပြ

ဆီးရီးယား ပြည်တွင်းစစ် ဖြစ်ပွားနေတာ သုံးနှစ် ကြာလာ ခဲ့တာနဲ့ အမျှ လူပေါင်း ၁ သိန်း ကျော် သေဆုံးပြီး ၉ သန်းကျော် လည်း မိမိတို့ အိမ်ရာ စွန့်ခွာ ထွက်ပြေး ကြရပါတယ်။ အိမ်နီးချင်း နိုင်ငံ တွေ ဘက်ရှိ ဒုက္ခ သည် စခန်း တွေ မှာလည်း စစ်ပြေး ဒုက္ခသည် တွေ ၂ ဒသမ ၅ သန်း ရှိ နေပါပြီ။

ဒါကြောင့် ကုလသမဂ္ဂ က အခုနှစ် ၂၀၁၄ ခု နှစ် အတွင်း ဒုက္ခသည် တွေ ကို ထောက်ပံ့ဖို့ ဆေးဝါး၊ စားနပ်ရိက္ခာ နဲ့ အမိုးအကာ အတွက် အမေရိကန် ဒေါ်လာ ၆ ဒသမ ၅ သန်း လိုအပ်တယ် လို့ ဆိုပါတယ်။ အခုလို ပြည်တွင်းစစ် မရပ်စဲ သမျှ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ရဲ့ ဆုံးဖြတ်ချက် အရ စစ်ဒဏ်ခံ ဆီးရီးယား ကို ကူညီ ထောက်ပံ့မှု တွေ ဟာလည်း ဘယ်လိုနည်း နဲ့မှ ထိရောက်မှာ မဟုတ်ဘူး လို့ ကုလသမဂ္ဂ အရေးပေါ် ကူညီ ထောက်ပံ့ရေး ဌာန အကြီးအကဲ ဗယ်လရီ အားမို့စ် က အပြစ်တင် ဝေဖန် လိုက်ပါတယ်။

အထူးသဖြင့် လုံခြုံရေး ကောင်စီ အနေနဲ့ ပိုမိုထိရောက်တဲ့ အရေးယူ ဆောင်ရွက်မှု အသစ် ကို ချမှတ်သင့်ပြီ လို့ ဆိုလိုက်ပါတယ်။ ဒီနေရာမှာ ဆီးရီးယား အခြေအနေ ပိုမို ဆိုးဝါး လာနေတာ ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု ခုံရုံး ကို အသိပေးဖို့ လိုအပ်တာကို လုံခြုံရေး ကောင်စီ က ဆုံးဖြတ်ချက် ချဖို့ လို တယ် လို့ လည်း စိတ်ပျက်လက်ပျက် နဲ့ ဒေါသထွက်ပြီး ဗယ်လရီ အားမို့စ် က ပြောလိုက်ပါ သေးတယ်။

လုံခြုံရေး ကောင်စီ ကို အခု ထုတ်ပြောတဲ့ ကြေညာချက်ပါ အချက်အလက် တွေ ထက် ပိုပြီး ခိုင်မာ ပြင်းထန် စရာ ရှိမယ် လို့ပင် မထင်တဲ့ အကြောင်း၊ သက်သေ အထောက်အထားနဲ့ တင်ပြတဲ့ အခါမှာ ဆီးရီးယား ပြည်သူတွေ အပေါ်မှာ ဆိုးဝါးလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု တွေ ကျူးလွန်တဲ့ နေရာမှာ နိုင်ငံတကာ လူသားချင်းဆိုင်ရာ ညဉ်းပန်း နှိပ်စက်မှု ပြစ်မှု ဥပဒေ တင် ဖောက်ဖျက်ရုံ မကဘဲ လုံခြုံရေး ကောင်စီ ရဲ့ ဆုံးဖြတ်ချက် တွေ ကိုလည်း လိုက်နာ ဆောင်ရွက်မှု မရှိတာ ကိုပါ ထောက်ပြ တာပါ လို့ ဗယ်လရီ အားမို့စ် က ပြောတာပါ။

လုံခြုံရေး ကောင်စီ အနေနဲ့ ဆီးရီးယား အပေါ် ဒဏ်ခတ်ပိတ်ဆို့မှု လုပ်ပြန်ရင်လည်း ရုရှ က ဗီတို နဲ့ ပယ်ချမှာ ဖြစ်ပါတယ်။ အနောက် အုပ်စု သံတမန် တွေ ကတော့ ကုလသမဂ္ဂ အနေနဲ့ ဆီးရီးယား နိုင်ငံထဲ ကို နယ်စပ်ဖြတ်ကျော် ဝင်ရောက်ပြီး လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက် ဘောင်ထဲကနေ သမ္မတ အာဆတ် ခွင့်ပြုချက် ကို စောင့်မယူဘဲ ဆီးရီးယား ပြည်သူ တွေ ကို ကူညီစေချင်ပါတယ်။ ဒါပေမဲ့ ကုလသမဂ္ဂ ဘက် ကလည်း အခုအချိန်မှာ ဥပဒေကြောင်း အရ လုပ်ပိုင်ခွင့် မရှိဘူး လို့ ဆိုပါတယ်။ ဒီအချက် ကို နိုင်ငံတကာ ဥပဒေပညာရှင် တွေ ဘက် ကတော့ လက်မခံကြပါဘူးလို့ ကုသမဂ္ဂ ဆိုင်ရာ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ