ရှင်ဖိန်းပါတီခေါင်းဆောင် ဂျယ်ရီအယ်ဒမ်းစ်အမှု

northern_ireland_ira ဓာတ်ပုံ မူပိုင် AFP
Image caption IRA တိုက်ခိုက်မှု ပြင်းထန်တဲ့ ကာလ

မြောက်အိုင်ယာလန် က ထင်ရှား ကျော်ကြားတဲ့ ရှင်ဖိန်းပါတီ ခေါင်းဆောင် ဂျယ်ရီ အယ်ဒမ်းစ် ကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ က ရဲ ကနေ၊ ၁၉၇၂ ခုနှစ် က လူသတ်မှု နဲ့ပတ်သက် ပြီး ဖမ်းဆီးလိုက် မှု ဟာ နိုင်ငံရေး လောက မှာ ဟိုးဟိုးကျော် သွားခဲ့ပါတယ်။ မနေ့ ကတော့ သူ့ ကို ရဲ က စစ်ဆေးမှု စတင်ပါပြီ။

ဒီလို ထင်ရှားတဲ့ နိုင်ငံရေး ခေါင်းဆောင်တဉီး ကို ဖမ်းဆီးခြင်း ဟာ နိုင်ငံရေး ပယောဂ မကင်းဘူး လို့ ဂျယ်ရီအယ်ဒမ်းစ် ရဲ့ နိုင်ငံရေး လုပ်ဖေါ်ကိုင်ဖက်၊ မြောက်အိုင်ယာလန် ဝန်ကြီး မာတင် မက်ဂင်းနစ်က ပြောပါတယ်။ အထူးသဖြင့် မြောက်အိုင်ယာလန် ရဲတပ်ဖွဲ့ထဲ က အရာရှိတချို့နဲ့ အိုင်ယာလန် ငြိမ်းချမ်းရေး ကို ဆန့်ကျင်ကြတဲ့ လူတွေ ကို စွပ်စွဲ လိုက်တာပါ။

အခုလို ဂျယ်ရီ အယ်ဒမ်းစ် ကို ဖမ်းဆီးခြင်းဟာ နိုင်ငံရေး လုပ်ကြံမှု သက်သက် တမင်ဖန်တီးခြင်းသာ ဖြစ်တဲ့ အကြောင်း၊ လာမဲ့ ၃ ပတ် အတွင်းကျင်းပတော့မဲ့ ရွေးကောက်ပွဲ ကို တဖက်သတ် လွှမ်းမိုးအနိုင်ရအောင် လုပ်တာ ဖြစ်တယ် လို့ လည်း၊ မြောက်အိုင်ယာလန် ဝန်ကြီး မာတင် မက်ဂင်းနစ်က ပြောလိုက်ပါတယ်။

ဒီအမှု ရဲ့ ရင်းမြစ်ကတော့ ၁၉၇၂ ခုနှစ်တုန်း က မြောက်အိုင်ယာလန် မှာ နိုင်ငံရေး လှုပ်ရှားမှု အရှုပ်အထွေး အထွတ် အထိပ်ရောက်နေချိန်မှာ ဂျင်းမက်ကွန်ဗီးလ် ဆိုသူ ကလေး ၁၀ ယောက် မိခင် ကို ရန်သူ့ ဗြိတိသျှ ကို သတင်းပေးသူ အဖြစ်၊ အိုင်အာရ်အေ လက်နက်ကိုင် အဖွဲ့ က စွပ်စွဲပြီး၊ ကလေးတွေ ရှေ့မှာ တင် အဓမ္မ ဖမ်းဆီး သွားပါတယ်။ နောက်တော့ သတ်ပစ်လိုက်ပြီး၊ နယ်စပ်ဖက် မှာ မြှုပ်နှံ လိုက်ပါတယ်။ ဂျင်းမက်ကွန်ဗီးလ် ရဲ့ ကြွင်းကျန် ရုပ်အလောင်း ကို ၁ဝ နှစ်ကြာမှ တူးဖေါ် ရရှိကြပါတယ်။

ဂျယ်ရီ အယ်ဒမ်စ် နဲ့ အဆိုပါအချိန် က၊ လက်တွဲ လုပ်ကိုင်ခဲ့ တဉီး က၊ ဒီလူသတ်မှု ကို ဂျယ်ရီ အယ်ဒမ်စ် က၊ အမိန့်ပေးခဲ့တာ လို့ ခံဝန်ချက်၊ ပေးခဲ့ တာတွေ အခုမှ ထွက်ပေါ် ခဲ့တာပါ။ ဂျယ်ရီ အယ်ဒမ်စ် က တော့ အိုင်အာရ်အေ ဟာ ဒီမိသားစု အပေါ် မတရားသဖြင့် ကျူးလွန်မှု သက်သက် လို့ ပြောပါတယ်။

သူ ဟာ အိုင်အာရ်အေ ကျူးလွန်သမျှတွေ နဲ့ ပတ်သက်မှု မရှိခဲ့တဲ့ အကြောင်း၊ ဂျင်းမက်ကွန်ဗီးလ် မိသားစု အပေါ် မှာ အိုင်အာရ်အေ က၊ မတရားသဖြင့် ဥပဒေ ဖေါက်ဖျက် ကျူးလွန် သလို၊ အခုတော့ ဖေါက်ခွဲ တိုက်ခိုက်မှု တွေလဲ အဆုံးသတ်သွားပြီ ဖြစ်လို့၊ အိုင်အာရ်အေ ကွယ်ပျောက်ခဲ့တာ နှစ် ၂ဝ ရှိသွားပါပြီ လို့ ဂျယ်ရီ အယ်ဒမ်စ်က ရှင်းပြပါတယ်။

ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန် ကလည်း၊ မြောက်အိုင်ယာလန် ဟာ လွတ်လပ်တဲ့ တရားစီရင်မှု ရှိပြီးသားဖြစ်တဲ့ အတွက်၊ ဒီ နိုင်ငံရေး လုပ်ကြံမှု လို့ စွပ်စွဲသံတွေ အကြားမှာ၊ ဗြိတိန် နဲ့ လုံးဝ မဆိုင်ဘူး လို့ ပြောပါတယ်။

မည်သို့ဆိုစေ၊ ဂျယ်ရီ အယ်ဒမ်းစ် ကို ဖမ်းဆီးခြင်းဟာ အမှန်တရားနဲ့ နှစ်ဖက် သင့်မြတ်၊ ရင်ကြားစေ့ရေး အစီအစဉ် ကို စမ်းသပ်လိုက်တာ ဖြစ်သလို၊ အတိတ်က ဖြစ်ရပ်ဆိုးတွေ ရဲ့ ခြောက်လှန့်မှု ကို ရင်ဆိုင်နေကြရဉီးမှာ ဖြစ်တဲ့ အကြောင်း ဘီဘီစီ သတင်းထောက် က ပြောပါတယ်။