ယူကရိန်းမှာ လူ ၃၀ ကျော် မီးလောင်သေဆုံး

ဓာတ်ပုံ မူပိုင် Reuters
Image caption လူတချို့ဟာ မီးခိုးတွေကြောင့် သေဆုံးရတာ လို့ဆို

ယူကရိန်း နိုင်ငံ အနောက်တောင် ဘက်ပိုင်းက အိုဒက်ဆာမြို့ မှာ ဖြစ်ပေါ်ခဲ့တဲ့၊ ရုရှ လိုလားသူ အုပ်စုနဲ့ ယူကရိန်း အစိုးရကို ထောက်ခံသူ တွေ အကြား ဖြစ်ပေါ် ခဲ့တဲ့ တိုက်ခိုက်မှု တွေကနေ၊ အလုပ်သမား သမဂ္ဂ အဆောက် အဦ တစ်ခု မီးလောင် ကျွမ်းခဲ့ တာမှာ၊ လူ ၃၀ ကျော် သေဆုံးသွားတယ်လို့ ယူကရိန်း ရဲတပ်ဖွဲ့က ပြောကြား လိုက် ပါတယ်။

ဘယ်လို ကနေ စတင် မီးလောင် ခဲ့တယ် ဆိုတာ တိတိကျကျ မသိရ သေးပေမယ့်၊ နှစ်ဘက် စလုံးက ဓာတ်ဆီ ပုလင်း လက်လုပ်ဗုံး တွေနဲ့ အပြန်အလှန် ပစ်ခတ် ခဲ့ကြတယ် ဆိုပြီး သတင်း တွေက ဆိုပါတယ်။

မီးလောင် ခဲ့တဲ့ အဆောက်အဦ ကို ရုရှ လိုလားသူ တွေက သိမ်းယူ ခဲ့ပြီး၊ ခေါင်မိုး ပေါ်ကနေ အောက်က လူအုပ်ထဲကို သေနတ်နဲ့ ပစ်ခတ် နေခဲ့တယ် လို့ ဆိုပါတယ်။

ဒီလို အစော ပိုင်းက ဖြစ်ပေါ်ခဲ့တဲ့ တိုက်ခိုက်မှု တွေ အတွင်း အနည်းဆုံး လူ ၄ဦး သေဆုံး ခဲ့ပါတယ်။

တချိန်တည်း မှာပဲ ထွက်ပေါ် လာတဲ့ နောက်ဆုံး သတင်းတွေ အရ၊ အရှေ့တောင် ဘက်ပိုင်း မြို့ ဖြစ်တဲ့ သူပုန်တွေ ထိန်းချူပ်ထားရာ စလိုဗီးယဲန့်စ်ခ် မြို့လယ် မှာလည်း သေနတ် ပစ်ခတ်မှုတွေ အတော် ပြင်းပြင်းထန်ထန် ပေါ်ပေါက် လာတယ်လို့ သိရ ပါတယ်။

အိုဒက်ဆာ မီးလောင်မှုနဲ့ ပတ်သက်ပြီး၊ ယူကရိန်း အစိုးရရဲ့ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Danylo Lubkivsky က၊ အသက်တွေ ဆုံးရှုံး ခဲ့တဲ့ အတွက် ဝမ်းနည်း ရကြောင်းနဲ့၊ ဒီကိစ္စ အပေါ် စတင် စုံစမ်း စစ်ဆေး မှုတွေ ပြုလုပ်နေ ပါပြီလို့ ပြောကြား ခဲ့ပါတယ်။

ယူကရိန်း အရေးနဲ့ ပတ်သက်ပြီး၊ အမေရိကန် နိုင်ငံ နယူးယောက် မြို့မှာ ပြုလုပ်နေတဲ့၊ ကုလသမဂ္ဂရဲ့ လုံခြုံရေး ကောင်စီ အရေးပေါ် အစည်း အဝေးမှာ၊ ရုရှားနဲ့ အနောက် နိုင်ငံတွေဟာ တဘက်နဲ့ တဘက် အပြန်အလှန် စွပ်စွဲပြစ်တင် နေကြပါတယ်။