ဆလိုဗီယန့်စ်မြို့မှာ ယူကရိန်း ဆက်လက် စစ်ဆင်

ဓာတ်ပုံ မူပိုင် AP
Image caption ဆလိုဗီယန့်စ် မြို့က စခန်းတစ်ခုမှာ စောင့်နေတဲ့ ရုရှား လိုလားသူ လက်နက်ကိုင်တွေ။

ယူကရိန်း နိုင်ငံ အရှေ့ပိုင်း ဆလိုဗီယန့်စ် Sloviansk မြို့မှာ ယူကရိန်း တပ်ဖွဲ့တွေက ရုရှား လိုလားသူ လက်နက်ကိုင်တွေကို ဆက်လက် စစ်ဆင် တိုက်ခိုက်နေပါတယ်။

ပြည်ထဲရေး ဝန်ကြီး အာဆန် အာဗားကော့ဗ် Arsen Avakov က မြို့တခွင်က စခန်း ၉ ခုကို အစိုးရ တပ်တွေ ထိန်းချုပ် နိုင်ခဲ့ပြီ ဖြစ်ကြောင်း ပြောသလို၊ ရုရှား လိုလားသူ အင်အားစုတွေကလည်း အဲဒီမှာ သူတို့ ဆက်လက် ထိန်းချုပ် ထားတုန်းပဲလို့ ပြောနေပါတယ်။

ယူကရိန်း ရဟတ်ယဉ် နှစ်စီးဟာ ယူကရိန်း အစိုးရ အဆိုအရ မြေပြင်က ဝေဟင်ပစ် ဒုံးလက်နက်တွေနဲ့ ပစ်ချခံခဲ့ရတယ်လို့ ယူဆရပြီး လေယာဉ်မှူးတွေ သေဆုံးခဲ့ကြပါတယ်။

ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူကတော့ ရဟတ်ယာဉ်တွေကို ပစ်ခတ်ခဲ့သူလို့ ယူဆရတဲ့ လူ ၄ ယောက်ကို ဖမ်းဆီးထားတယ်လို့ ပြောပါတယ်။

အကြမ်းဖက်မှု တိုက်ဖျက်ရေး စစ်ဆင်မှုမှာ လက်နက်တွေ ကောင်းကောင်း တပ်ဆင်ထားပေမယ့် အသေအချာ လေ့ကျင့် ပြင်ဆင်ထားတဲ့ အဖျက်သမားတွေ၊ အကြမ်းဖက် သမားတွေရဲ့ ခုခံမှုတွေနဲ့ ရင်ဆိုင်နေရကြောင်း၊ ရွှေ့ပြောင်းရလွယ်တဲ့ လေယာဉ်ပစ် မီဆိုင်း လက်နက်တွေကို သုံးပြီး ယူကရိန်း ရဟတ်ယာဉ်တွေကို သူတို့ ပစ်ချနိုင်ခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ YURIY POVKH က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ