ယူကရိန်း က အိုဒက်ဆာမြို့မှာ ဆက် တင်းမာ

ဓာတ်ပုံ မူပိုင် AP
Image caption အများစုဟာ မီးလောင် မှု အတွင်း သေဆုံးခဲ့ တာပါ

ယူကရိန်း နိုင်ငံ တောင်ပိုင်း အိုဒက်ဆာ မြို့မှာ သောကြာနေ့က ဖြစ်ပွားတဲ့ အစိုးရ ထောက်ခံ သူတွေနဲ့ ရုရှ ဘက်တော်သား စစ်သွေးကြွ တွေကြား ပဋိပက္ခမှာ လူ ၄ဝ ကျော် သေဆုံး ခဲ့ပြီးနောက် အခြေအနေ ပိုပြီး ဆိုးရွား လာပါတယ်။

ရုရှ ဘက်က စစ်သွေးကြွတွေ ခိုလှုံ နေတဲ့ အလုပ်သမား သမဂ္ဂ အဆောက် အဦ ထဲကို ဓာတ်ဆီ ဗုံး တွေနဲ့ ပစ်သွင်း မီးရှို့ ခဲ့မှုကြောင့် သေဆုံးခဲ့ ကြတာ ဖြစ်ပါတယ်။

ဒီအဖြစ်ဆိုး တွေကြောင့် ရုရှ စကားပြော ပြည်သူ တွေကို ဆွပေးသလို ဖြစ်သွား ခဲ့တယ်လို့ အိုဒက်ဆာ မြို့က ဘီဘီစီ သတင်းထောက်က ပြောဆို ပါတယ်။

မီးရှို့ ခံခဲ့ရတဲ့ နေရာကို စနေနေ့က လူ ရာနဲ့ ချီပြီး စုဝေး ခဲ့ကြ ပါတယ်။

ဒီအခြေ အနေ တွေကို မထိန်းသိမ်း နိုင်ရင် အပြန် အလှန် လက်တုံ့ ပြန် မှု တွေကြောင့် ပိုပြီး ဆိုးရွား သွားဖွယ် ရှိတယ်လို့ ဂျာမနီ နိုင်ငံခြားရေး ဝန်ကြီး ဖရန့် ဝေါ်လတာ စတိန်းမီးယား က ပြောကြား ခဲ့ပါတယ်။

ဒီအချိန် မှာပဲ ယူကရိန်း ယာယီ အစိုးရဟာ အမျိုးသားရေး အစွန်းရောက် တွေကို သွေးထိုး ပေးနေပြီး သွေးနွံထဲ နစ်နေပြီလို့ ရုရှ သမ္မတ ပူတင်ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က စွပ်စွဲလိုက် ပါတယ်။

ယူကရိန်း အရှေ့ပိုင်းမှာတော့ တိုက်ပွဲတွေ ပိုပြီး ပြင်းထန် လာပါတယ်။

ယူကရိန်း တပ်တွေနဲ့ ရုရှ ဘက်သား စစ်သွေးကြွ တွေကြား Kramatorsk မြို့ထဲနဲ့ အနီး တဝိုက်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲ တွေ အတွင်း အနည်းဆုံး ၂ ယောက် သေဆုံးတယ်လို့ သိရပါတယ်။

Kramatorsk မြို့ အိမ်မိုးတွေ ပေါ်ကနေ လက်ဖြောင့် သေနတ် သမား တွေက ပစ်ခတ် နေကြတဲ့ အတွက် စျေးဆိုင်တွေ အစောကြီး ပိတ်သိမ်းပြီး မြို့ထဲမှာ ခြောက်ခြား တုန်လှုပ် နေကြ တာကို တွေ့ရကြောင်း Donetsk ဒေသ အုပ်ချုပ်ရေး အာဏာပိုင် တွေက ပြောဆို ပါတယ်။

Lugansk မြို့က စစ်သား စုဆောင်းရေး တပ်စခန်း တခုကိုလည်း စစ်သွေးကြွတွေ က တိုက်ခိုက်လို့ ယူကရိန်း စစ်သား ၂ ယောက် ဒဏ်ရာ ရရှိသွား တယ်လို့ သိရပါတယ်။