OSCE အဖွဲ့ဝင်တွေအားလုံး ပြန်လွတ်လာ

ဓာတ်ပုံ မူပိုင် AP
Image caption ဘာကန့်သတ်ချက်မှ မရှိပဲ ပြန်လွှတ်ပေး လိုက်တာလို့ ရုရှားလိုလားသူ လက်နက်ကိုင် တွေက ပြော

ယူကရိန်းနိုင်ငံမှာ လွန်ခဲ့တဲ့ ၈ရက်လောက်က ရုရှား လိုလားတဲ့ လက်နက်ကိုင်တွေရဲ့ ဖမ်းဆီးခံထားရတဲ့ နိုင်ငံတကာ စောင့်ကြည့် လေ့လာသူ ၇ဦး ပြန်လွတ်လာပြီ ဖြစ်ပါတယ်။

သူတို့နဲ့ အတူပါသွားတဲ့ ယူကရိန်း လူမျိုး ၅ဦးလည်း ပြန်လွတ်လာတယ်လို့ သိရပါတယ်။

အဲဒီလူတွေကို ထိန်းသိမ်းထားတဲ့ ဆလိုဗျန့်စ်ခ်မြို့ ဆီ ရုရှား ကိုယ်စားလှယ် တဦး ရောက်လာတဲ့ နေ့မှာပဲ သူတို့ ပြန်လွတ်လာကြတာပါ။

ရုရှား လိုလားတဲ့ လက်နက်ကိုင် ခေါင်းဆောင် က အဲဒီလူတွေကို ဘာကန့်သတ်ချက်မှ မရှိပဲ ပြန်လွှတ်ပေးလိုက်တာလို့ ဆိုပါတယ်။

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ ဖြစ်ပွားနေတဲ့ တင်းမာမှုတွေ လျော့ကျသွားစေရေးရဲ့ တစိတ်တဒေသအဖြစ် အဲဒီ လူတွေ ပြန်လွတ်လာနိုင်ရေးအတွက် ရုရှားအစိုးရကို အနောက်နိုင်ငံတွေက ဖိအားပေး ပြောဆိုနေတာ ဖြစ်ပါတယ်။

ဒီအတောအတွင်းမှာပဲ ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ခရာမာတော့စ်ခ် မြို့ထဲနဲ့ မြို့နားတဝိုက်မှာ ယူကရိန်း စစ်တပ်နဲ့ ရုရှား လိုလားတဲ့ လက်နက်ကိုင်တွေအကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပါတယ်။

တိုက်ခိုက်မှုတွေဟာ ယာယီ အုံကြွ တိုက်ခိုက်မှုမျိုး မဟုတ်ပဲ စစ်ပွဲတခုလို ပြင်းထန်တယ်လို့ ကိယက်ဗ်မြို့မှာရှိတဲ့ ယူကရိန်း အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တွေက ပြောပါတယ်။

အခုနောက်ဆုံး ရတဲ့ သတင်းတွေ အရ သံချပ်ကာကားတွေနဲ့ စစ်ကူ ဖြည့်ထားတဲ့ ယူကရိန်း အစိုးရတပ်တွေက အဲဒီ မြို့က လုံခြုံရေး တပ်ဖွဲ့ ဌာနချုပ်ကို ပြန်လည် သိမ်းပိုက်လိုက်တယ်လို့ သိရပါတယ်။

အနီးမှာ ရှိတဲ့ ဆလိုဗျန့်စ်ခ်မြို့ကိုလည်း ပြန်လည် ထိန်းချုပ်နိုင်ဖို့ စစ်ဆင် တိုက်ခိုက်မှုတွေ စလုပ်နေပါပြီ။

တခါ နိုင်ငံ အနောက်တောင်ပိုင်းက အိုဒက်ဆာမြို့မှာ အစိုးရနဲ့ ရုရှား လိုလားတဲ့ လက်နက်ကိုင်တွေအကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ မနေ့က ဖြစ်ပွားခဲ့ပြီး လူ၄၂ဦး သေဆုံးခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။