ဝါရှင်တန်မှာ ဆီးရီးယားအတိုက်အခံရုံး တရားဝင် ဖွင့်ခွင့်ရ

  • 6 မေ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption အာမက်ဒ် အယ်လ် ဂျာဘာ ဝါရှင်တန်မြို့ကို ပထမဆုံးအကြိမ် သွားရောက်ပြီး ထိပ်တန်းအဆင့် ဆွေးနွေးဖို့ ရှိ

ဆီးရီးယား အတိုက်အခံ ညွန့်ပေါင်း အဖွဲ့ကို တရားဝင် သံတမန် မစ်ရှင်ရုံးတခု အမေရိကန် နိုင်ငံမှာ ဖွင့်လှစ်ဖို့ ခွင့်ပြုချက်ပေးလိုက်ပြီလို့ အမေရိကန် နိုင်ငံခြားရေးဌာန တာဝန်ရှိ ပုဂ္ဂိုလ်က ပြောပါတယ်။

အခုချိန်အထိ ဆီးရီးယားအတိုက်အခံတွေအနေနဲ့ အမေရိကန်နိုင်ငံမှာ အလွတ်သဘော ဆက်ဆံရေး ရုံးတခုပဲ ဖွင့်လှစ်ထားတာပါ။

ထိပ်တန်း အဆင့် ဆွေးနွေး ပြောဆိုဖို့ ဆီးရီးယား အတိုက်အခံ ညွန့်ပေါင်း အဖွဲ့ ဥက္ကဌ အာမက်ဒ် အယ်လ် ဂျာဘာ ဝါရှင်တန်မြို့ကို ပထမဆုံးအကြိမ် သွားရောက်ဖို့ ပြင်ဆင်နေချိန်မှာပဲ အခုလို ထုတ်ဖေါ်ကြေညာလိုက်တာပါ။

ဆီးရီးယား ပဋိပက္ခတွေကို ငြိမ်းချမ်းတဲ့ နည်းနဲ့ ဖြေရှင်းနိုင်ရေး ကြိုးပမ်းမှုတွေဟာ ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်နေပြီး လာမယ့် ဇွန်လမှာ ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲ မတိုင်ခင် တင်ကြိုပြီး သမ္မတ ဘရှား အယ်လ် အားဆာ့တ် တပ်ဖွဲ့တွေရဲ့ စစ်ရေး အားသာနေမှုတွေကို တန်ပြန်နိုင်ဖို့အတွက် အတိုက်အခံ တွေက ခေတ်မှီ လက်နက်တွေကို အမေရိကန် အစိုးရဆီကနေ တောင်းခံနေတာ ဖြစ်ပါတယ်။

ဒီအတောအတွင်းမှာပဲ ဆီးရီးယားနိုင်ငံ မြောက်ပိုင်း ဒဲရ် အက်ဇောရ် မြို့မှာ ပြိုင်ဘက် အစ္စလာမစ် သူပုန်အဖွဲ့နှစ်ဖွဲ့အကြား ထိပ်တိုက် ရင်ဆိုင်မှုတွေ ဆက်ဖြစ်ပွား နေတယ်လို့ ဆီးရီးယား လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့က ပြောပါတယ်။

တိုက်ပွဲတွေ အတွင်း al- Nusra frontနဲ့ ISIS အစ္စလာမစ် သူပုန် အဖွဲ့တို့ရဲ့ အဖွဲ့ဝင် ၄၀ကျော်လောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အပစ်အခတ် ရပ်စဲဖို့ အယ်လ်ကိုင်ဒါ ခေါင်းဆောင် တဦးက ပန်ကြားထားတဲ့ကြားက တိုက်ပွဲတွေ ဆက်ဖြစ်နေခဲ့တာပါ။

နိုင်ငံမြောက်ပိုင်း အယ်လက်ပို မြို့မှာလည်း အစိုးရ က လေယာဉ်တွေနဲ့ ဗုံးတွေ ကြဲချနေချိန်မှာပဲ အစိုးရ လိုလားတဲ့ အဖွဲ့တွေနဲ့ သူပုန် လက်နက်ကိုင်တွေ အကြား တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေပါတယ်။