နိုင်ဂျီးရီးယားပြန်ပေးမှု အမေရိကန်နဲ့ယူကေ ကူညီ

_nigeria_304x171 ဓာတ်ပုံ မူပိုင် AP
Image caption ကျောင်းသူလေးများ လွတ်မြောက်ရေးတောင်းဆို

နိုင်ဂျီးရီးယား ကျောင်းသူလေးပေါင်း ၂ဝဝ ကျော် ကို အစ္စလမ်မစ် စစ်သွေးကြွ အဖွဲ့ ဘိုကိုဟာရမ် မှ ပြန်ပေးဆွဲ သွားပြီး၊ ဒီကလေးမ လေးတွေ ကို ရောင်းစားပစ်မယ် လို့ ခြိမ်းခြောက် ပြောဆိုမှု အပေါ်မှာ၊ ကလေးမလေး တွေ အိမ်ပြန် ရောက်ရေး တောင်းဆိုသံ တွေ ပိုမို ထွက်ပေါ် နေပါပြီ။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ က ရှာဖွေရေး အတွက် ကျွမ်းကျင်သူ အဖွဲ့ စေလွတ်ပေးမဲ့ အကြောင်း နိုင်ဂျီးယား အစိုးရ ကို ကမ်းလှမ်းလိုက်ပါတယ်။ ဒီအခါမှာ နိုင်ဂျီးယား သမ္မတ ဂွတ်လပ်ဂျွန်နသန် ကလည်း အကူအညီ ကို လက်ခံကြောင်း မစ္စတာ ကယ်ရီ က ပြောပါတယ်။

သမ္မတ ဂွတ်လပ်ဂျွန်နသန် က အကူအညီ ကို ဝမ်းမြောက်စွာ နဲ့ လက်ခံသလို အမေရိကန် အစိုးရ အနေနဲ့ ဒီ ငယ်ရွယ်တဲ့ ကလေးမလေး တွေ ရဲ့ အခြေအနေ ကို စိတ်ပူနေလို့ ၊ သူ တို့ နေအိမ်တွေ ဆီ ဘေးမသီ၊ ရန်မခ ပြန်ရောက်စေရေး အတွက် လိုအပ်တဲ့ အကူအညီ မှန်သမျှ ပေးမှာပါ လို့ မစ္စတာ ကယ်ရီ က ပြောတာပါ။

ဗြိတိသျှ အစိုးရ ကလည်း၊ ဒီ ကျောင်းသူလေးတွေ ကယ်ဆယ်ရေး လုပ်ငန်း မှာ အမေရိကန် နဲ့ ပူးပေါင်း ဆောင်ရွက်ရေး အတွက် အမေရိကန် အရာရှိတွေ နဲ့ ဗြိတိသျှ ထိတ်တန်း အရာရှိ တွေ ဝါရှင်တန် မှာ ဆွေးနွေးနေပြီ ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဝီလီယံဟိခ် က ပြောပါတယ်။

လက်ရှိ ကုလသမဂ္ဂ ဆိုင်ရာ ကမ္ဘာ့ပညာရေး အထူးသံတမန်၊ ယခင် ဗြိတိသျှ ဝန်ကြီးချုပ် ဂေါ်ဒန် ဘရောင်း ကိုယ်တိုင်လည်း နိုင်ဂျီးရီးယား ကို သွားပြီး နိုင်ဂျီးရီးယား အာဏာပိုင်တွေ နဲ့ တွေ့ဆုံယင်း၊ ကျောင်းသူလေးတွေ ကို အချိန်မီ ကယ်ဖို့ ဆွေးနွေးနေပါပြီ။

ဒီကျောင်းသူလေးတွေ ဖမ်းထားတာ သီတင်းနှစ်ပတ် ရှိနေလို့၊ သူတို့ သေသလား၊ ရှင်သလား တောင် မသိရတဲ့ အကြောင်း၊ ပိုပြီး စိုးရိမ် စရာ ကောင်းတာက ဒီ ကလေးမလေးတွေ ကို၊ လိင်ကျွန် အဖြစ် ရောင်းစား ခံရမဲ့ ဘေးအန္တရာယ် ရှိနေပုံ၊ အာဖရိက တခွင် မှာ ပျောက်သွားပြီ ဆိုရင် ဘယ်လိုမှ ရှာဖို့ မလွယ်တဲ့ အကြောင်း၊ ဒါကြောင့်မို အမေရိကန် နဲ့ ဗြိတိသျှ ပူးပေါင်းပြီး နိုင်ဂျီးရီးယား အစိုးရ အကူအညီ နဲ့ တောနင်းရှာ ဖို့ လိုမနေပါပြီ လို့ မစ္စတာ ဘရောင်း က ပြောသွားပါတယ်။