အကြမ်းဖက်မှုက နိုင်ဂျီးရီးယားရဲ့ အကြီးဆုံး အန္တရာယ်

ဓာတ်ပုံ မူပိုင် AFP
Image caption ကမ္ဘာ့စီးပွားရေး ဖိုရမ်မှာ နိုင်ဂျီးရီးယား သမ္မတ စကားပြောစဉ်။

နိုင်ဂျီးရီးယား သမ္မတ ဂွတ်လပ် ဂျွန်နသန်က အကြမ်းဖက်မှုဟာ သူ့နိုင်ငံ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး အန္တရာယ် ဖြစ်တယ်လို့ ထုတ်ဖော်ပြောလိုက်ပါတယ်။

နိုင်ငံတကာ အကူအညီနဲ့ အကြမ်းဖက်မှု အဆုံးသတ်အောင် လုပ်ဆောင်နိုင်လိမ့်မယ်လို့ သူက ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့လက အစ္စလာမ် အစွန်းရောက်တွေ ပြန်ပေးဆွဲသွားတဲ့ ကျောင်းသူ ၂၀၀ ကျော် အိမ်ပြန်လာရေးကိုလည်း လုပ်ဆောင်နိုင်မယ်လို့ သူက ပြောပါတယ်။

မိန်းကလေးတွေ ပြန်လွတ်ရေး ပိုမိုဆောင်ရွက်ဖို့ ပြည်တွင်း ပြည်ပက ဖိအားတွေ ခံနေရတဲ့ သမ္မတ ဂွတ်လပ် ဂျွန်နသန်က အဘူဂျာ မြို့တော်မှာ ကျင်းပနေတဲ့ ကမ္ဘာ့ စီးပွားရေး ဖိုရမ်မှာ အခုလို ပြောခဲ့တာပါ။

စောစောပိုင်းကတော့ Boko Haram အစ္စလာမ်မစ် အဖွဲ့ရဲ့ ဆက်တိုက် တိုက်ခိုက်မှုတွေကို အစိုးရရဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေနဲ့ ပတ်သက်တဲ့ ဝေဖန်ချက်တွေကို အစိုးရက ကာကွယ် ပြောဆိုခဲ့ပါတယ်။

မကြာသေးခင်ရက်တွေ အတွင်း လူပေါင်း ရာနဲ့ချီ သတ်ဖြတ်ခဲ့တဲ့ စစ်သွေးကြွတွေက နိုင်ဂျီးရီးယား စစ်တပ်ထက် လက်နက်အင်အား သာတယ် ဆိုတာကိုလည်း အစိုးရက ငြင်းဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ