ပူတင် ခရိုင်းမီးယား သွားတာ အမေရိကန်ဝေဖန်

  • 9 မေ 2014
Mariupo မှာ သေဆုံး ပျက်စီး မှုတွေရှိ

ခရိုင်းမီးယား ကျွန်းဆွယ်ကို ရုရှားထဲကို ထည့်သွင်းခဲ့ အပြီး၊ ရုရှား သမ္မတ ပူတင်ရဲ့ ပထမဆုံး ခရိုင်းမီးယား ကို သွားရောက်တဲ့ ခရီးစဉ်အပေါ် အမေရိကန် ဥရောပသမဂ္ဂနဲ့ နေတိုး အဖွဲ့ တို့က ပြင်းပြင်းထန်ထန် ဝေဖန် လိုက်ပါတယ်။

ယူကရိန်း နိုင်ငံခြားရေး ဌာနကလည်း၊ ဒေသတွင်း အကျပ်အတည်း ကို ပိုဆိုး အောင် ရုရှားက ရည် ရွယ်ချက် ရှိရှိနဲ့ ပြုမူနေတာ ဖြစ်တယ် ဆိုပြီး ပြောကြား ခဲ့ပါတယ်။

ဒီခရီးစဉ်ဟာ ရန်စမှု အသွင် ဆောင် တဲ့ မလိုအပ်တဲ့ ခရီးစဉ် ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ရုံးရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် Jen Psaki ကပြောပါတယ်။

ခရိုင်းမီးယား ဟာ ယူကရိန်းပိုင် ဖြစ်ပြီး၊ ဒီအရေးမှာ ရုရှား ပြုမူခဲ့တဲ့ လုပ်ရပ်ဟာ တရားဥပဒေနဲ့ မညီညွတ်ဘူး လို့လည်း သူကဆိုပါတယ်။

ယူကရိန်း အရှေ့ခြမ်း မြို့တစ်မြို့ ဖြစ်တဲ့ Mariupol မှာတော့ အစိုးရ တပ်ဖွဲ့ တွေနဲ့ ရုရှား လိုလားသူ ဆန္ဒပြ သမားတွေ အကြား တိုက်ခိုက်မှု ဖြစ်ပေါ် ခဲ့တာမှာ လူ ၇ ဦး သေဆုံးပြီး ၃၉ ဦး ဒဏ်ရာ ရသွားတယ် လို့ ဒေသခံ အာဏာပိုင် တွေက ကြေညာ လိုက်ပါတယ်။

ဒါပေမယ့်၊ လူ ၂၀ ကျော်အထိ သေဆုံး ခဲ့ကြောင်း ယူကရိန်း ပြည်ထဲရေး ဝန်ကြီးက အစောပိုင်းက ပြောကြား ခဲ့ပါတယ်။

အဲဒီ မြို့က ရဲစခန်းကို ရုရှား လိုလား သူတွေ စီးနင်းဖို့ ကြိုးစားစဉ် အပြန်အလှန် သေနတ်နဲ့ ပစ်ခတ်တာတွေ ဖြစ်ပေါ်ခဲ့ တာ လို့ ယူကရိန်း အစိုးရက ပြောပေမယ့်၊ ဒေသခံ မျက်မြင် သက်သေတွေ ကတော့၊ အဆောက်အဦ ထဲကို ဝင်ရောက် ခဲ့တဲ့ လက်နက်မဲ့ ဆန္ဒပြသူ တွေကို၊ အစိုးရ လုံခြုံရေး တပ်ဖွဲ့က သေနတ် တွေနဲ့ ပစ်ခဲ့တာ လို့ ဆိုနေ ပါတယ်။