နိုင်ဂျီးရီးယား ကျောင်းသူလေးတွေ ကိစ္စ မီရှဲလ် အိုဘားမားပြော

ဓာတ်ပုံ မူပိုင်
Image caption ကျောင်းသူလေးတွေကို ကယ်ဖို့ အမေရိကန် အစိုးရ အစွမ်းကုန်ကူမယ်လို့ မီရှဲလ် အိုဘားမား ပြော

အမေရိကန် သမ္မတ ကတော် မီရှဲလ် အိုဘားမား က နိုင်ဂျီးရီးယားနိုင်ငံမှာ ကျောင်းသူ နှစ်ရာ ကျော် ပြန်ပေးဆွဲခံရမှုဟာ အမျိုးသမီးငယ် လေးတွေရဲ့ ပြင်းပြတဲ့ ရည်မှန်းချက်တွေကို ချေဖျက်ပစ်ဖို့ ကြိုးစားနေတဲ့ ယောင်္ကျား ရင့်မကြီးတွေရဲ့ တရားလွန် လုပ်ရပ်တခု ဖြစ်တယ်လို့ ထုတ်ဖော် ပြောကြားလိုက် ပါတယ်။

ဒီကိစ္စရပ်ကို အဓိက မီးမောင်းထိုး ပြောဆိုသွားတဲ့ သမ္မတ အိုဘားမားရဲ့ အပတ်စဉ် ရေဒီယို မိန့်ခွန်းထဲမှာ သမ္မတ ကတော် မီရှဲလ် အိုဘားမားက နိုင်ဂျီးရီးယား ကျောင်းသူငယ် လေးတွေ ပြန်ပေးဆွဲ ခံခဲ့ရတဲ့ ကိစ္စအပေါ် ကမ္ဘာတဝှမ်းက လူသန်းပေါင်းများစွာလိုပဲ သူရော သူ့ခင်ပွန်းသည်ပါ ဒေါသအကြီးအကျယ် ထွက်ခဲ့ရ သလို စိတ်ထိခိုက်ခဲ့ရကြောင်း၊ ကျောင်းသူလေးတွေ မိသားစုနဲ့ ပြန်ဆုံဆည်းနိုင်ဖို့ အမေရိကန် အစိုးရအနေနဲ့ အစွမ်းကုန် ကူညီ ဆောင်ရွက် နေကြောင်း ပြောသွားပါတယ်။

ကမ္ဘာတဝှမ်းမှာ ရှိတဲ့ ကျောင်းသူလေးတွေ အနေနဲ့ သူတို့ရဲ့ ဘဝတွေကို စွန့်စားပြီး ရည်မှန်းချက် ပန်းတိုင်ကို အရောက်သွားနေကြကြောင်းနဲ့ သူတို့လေးတွေရဲ့ အနာဂါတ် လှပရေးအတွက် ပညာရေးဟာ အကောင်းဆုံး အခွင့်အရေး ဖြစ်ကြောင်း သူက ပြောသွားပါတယ်။

ပြန်ပေးဆွဲ ခံခဲ့ရတဲ့ ကျောင်းသူလေးတွေကို ခြေရာခံ ရှာဖွေ ကယ်ဆယ်ရေးမှာ အနောက်အုပ်စုနိုင်ငံတွေက ကျွမ်းကျင်သူတွေက ကူညီ ဆောင်ရွက်နေပါတယ်။