ယင်းလတ် အစိုးရကို ထောက်ခံသူတွေ အင်အားပြ စုဝေး

ဓာတ်ပုံ မူပိုင် Reuters
Image caption ဝန်ကြီးချုပ် ယင်းလတ်ကို ထောက်ခံတဲ့ ရှပ်နီဝတ် ဆန္ဒပြသူတွေ ဘန်ကောက်မြို့ပြင်မှာ အင်အားပြ စုဝေး

ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ် ယင်းလတ် ရှင်နဝပ်နဲ့ ကက်ဘိနက် ဝန်ကြီး ၉ဦး ရာထူးက ဖြုတ်ချခံ လိုက်ရတာကို ကန့်ကွက်ကြောင်း ပြသတဲ့ အနေနဲ့ အစိုးရ ထောက်ခံ အားပေးသူ ရှပ်နီ ဝတ်တွေက ဘန်ကောက်မြို့ အနောက်ဘက် ခြမ်းမှာ အင်အားပြ ထောက်ခံ ဆန္ဒပြပွဲကို စတင်လိုက်ကြပါတယ်။

အခြေခံ ဥပဒေ တရားရုံးက အစိုးရ ဝန်ကြီးတွေကို အာဏာ အလွဲသုံးမှု စွဲချက်တွေနဲ့ ရာထူးက ဖြုတ်ချလိုက်အပြီးမှာ ဒီမိုကရေစီစနစ်ကို ကာကွယ် စောင့်ရှောက်ဖို့အတွက် လုပ်သင့်တာတွေ လုပ်သွားမယ်လို့ အစိုးရ ထောက်ခံ အားပေးသူတွေက ပြောပါတယ်။

ဒါပေမယ့် စစ်တပ် ကြားဝင်လာစေမယ့် အဖြစ်မျိုး မဖြစ်အောင် ထိန်းထိန်း သိမ်းသိမ်း လုပ်ကြဖို့ ဆန္ဒပြ ခေါင်းဆောင်တွေက ပန်ကြားထားပါတယ်။

ထိုင်းနိုင်ငံမှာ လပေါင်း အတော်ကြာ လမ်းမတွေပေါ် ထွက် ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့အပြီး ယာယီ အစိုးရအဖွဲ့သစ် တဖွဲ့ ဖွဲ့စည်းဖို့ ဆီးနိတ် လွှတ်တော်ကို အစိုးရဆန့်ကျင်တဲ့ အတိုက်အခံ အဖွဲ့က တောင်းဆိုထားပါတယ်။