အိန္ဒိယမဲပေးပြီး စစ်တမ်းအရ ဘီဂျေပီ မူဒီနိုင်ဖို့များ

  • 13 မေ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption အိန္ဒိယရွေးကောက်ပွဲ ဘီဂျေပီ နိုင်ဖို့ များနေ

အိန္ဒိယနိုင်ငံမှာ ကျင်းပခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲမှာ မဲပေးခဲ့သူတွေကို စစ်တမ်း ကောက်ယူခဲ့ရာကနေ ပထမဆုံး ထွက်လာတဲ့ မဲရလဒ်တွေအရ အတိုက်အခံ နာရဲန်ဒရာ မူဒီ ဦးဆောင်တဲ့ ညွှန့်ပေါင်း ပါတီက အနိုင်ရမယ့် အလားအလာ ရှိနေတယ်လို့ သိရပါတယ်။

ဒီစစ်တမ်းတွေအရ အာဏာရ ကွန်ဂရက်စ် ပါတီအနေနဲ့ အဆိုးဝါးဆုံး အရှုံးနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ယူဆရပါတယ်။

ဒါပေမယ့် သုံးသပ်သူတွေကတော့ ဒီလို စစ်တမ်းတွေဟာ အရင်က မှားတာတွေ ရှိခဲ့တယ်လို့ သတိပေးကြပါတယ်။

၂၀၀၄ နဲ့ ၂၀၀၉ ရွေးကောက်ပွဲတွေတုံးက ဒီလို စစ်တမ်းတွေ ခန့်မှန်းတာဟာ လွဲခဲ့ဘူးပါတယ်။

ကွန်ဂရက်စ် ပါတီရဲ့ ထိပ်တန်း နိုင်ငံရေးသမား တဦး ဖြစ်တဲ့ နိုင်ငံခြားရေး ဝန်ကြီး ဆယ်လ်မဲန် ကာဒစ်ရှစ်ဒ် က မဲရလဒ်တွေက စိတ်ပျက်စရာ ကောင်းပေမယ့် ကွန်ဂရက်စ် ပါတီဟာ မဟာမိတ် ပါတီဟောင်းတွေရဲ့ အကူအညီနဲ့ အစိုးရအဖွဲ့တခု ထူထောင်နိုင်တဲ့ အခြေအနေမှာ ရှိနေဆဲပဲလို့ ဘီဘီစီကို ပြောပါတယ်။

မစ္စတာ မူဒီရဲ့ BJP ဟိန္ဒူ အမျိုးသားရေး ဝါဒီ ပါတီရဲ့ အထွေထွေ အတွင်းရေးမှူး J P နက်ဒါ ကတော့ အဂတိလိုက်စားမှုတွေကို လုံးဝ သည်းခံမှာ မဟုတ်ဘူးဆိုတာကို မစ္စတာ မူဒီက ပြတ်ပြတ်သားသား ပြောထားပြီး ဖြစ်လို့ အဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှုတွေမှာ ပါဝင် ပတ်သက်နေသူအနေနဲ့ မလုံမခြုံ ခံစားကောင်း ခံစားမိပါလိမ့်မယ်လို့ ပြောသွားပါတယ်။

သူတို့ ပါတီ အနိုင်ရတဲ့အတွက် မွတ်ဆလင်တွေ အခွင့်အရေး နိမ့်သွားလိမ့်မယ် ဆိုတဲ့ ပြောဆိုချက်တွေကိုလည်း သူက လက်မခံပဲ ပယ်ချလိုက်ပါတယ်။

သီတင်း ၆ပတ်ကြာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ စံချိန်တင်ရလောက်အောင် မဲဆန္ဒရှင် ၆၆ ရာခိုင်နှုန်း လာရောက် မဲပေးခဲ့တယ်လို့ သိရပါတယ်။

အဆုံးသတ် ရလဒ်ကိုတော့ သောကြာနေ့မှာ ထုတ်ဖော် ကြေညာဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ