တူရကီဝန်ကြီးချုပ် မိုင်းတွင်းပေါက်ကွဲမှုစစ်ဆေး

bbc_304x171
Image caption မိုင်းတွင်းပေါက်ကွဲရာကို ဝန်ကြီးချုပ် လာစစ်

တူရကီနိုင်ငံ ဆိုမာမြို့ ရှိ ကျောက်မီးသွေးမိုင်း ပေါက်ကွဲမှုကြောင့် မိုင်းလုပ်သားပေါင်း အနည်းဆုံး ၂၄၉ ယောက် သေဆုံးသလို၊ ၁ဝဝ ကျော်ဟာ ပျောက်ဆုံး စရင်းဝင်ဆဲ ဖြစ်ပါတယ်။ မိုင်းလုပ်သား အနည်းဆုံး ၄၅ဝ ကိုတော့ ကယ်ထုတ်နိုင်ခဲ့ ပါတယ်။

အခုလို လျှပ်စစ်ဝါယာ ရှော့ ဖြစ်ရာက၊ ပေါက်ကွဲမှု ဖြစ်ပြီး၊ မီးလောင်တဲ့ အတွက်၊ မိုင်းထဲ အလုပ်ဆင်းနေတဲ့ မိုင်းလုပ်သား ၈ဝဝ နီးပါး ထဲ က သေဆုံးသူတွေဟာ၊ ကာဘွန် မိုနော့ဆိုက် အဆိပ်ဓါတ်ငွေ့ ရှူမိကြလို့ သေဆုံးရတာပါ။ ဒီမိုင်းတွင်း ဟာ မြေကြီး အနက် ၁ မိုင်ကျော်၊ အောက်မှာရှိတာပါ။

မနေ့က ဝန်ကြီးချုပ် ရီဂျက်ပ် တိုင်ရစ်ပ် အယ်ဒိုအန် ကိုယ်တိုင် မိုင်းတွင်း ကို လာတဲ့ အခါမှာလူအုပ် က သူ့ကားကိုဝိုင်းလိုက်ကြပြီး၊ လှောင်ပြောင်ယင်း ရန်ပြုမဲ့ အသွင် ဆောင်ကြပါတယ်။ ဝန်ကြီးချုပ် အယ်ဒိုအန် ကတော့၊ အခုလို မတော်တဆ ပေါက်ကွဲမှု ကို မဖြစ်အောင်၊ ဘာကြောင့် ကြိုတင် မကာကွယ်နိုင်တာလည်း ဆိုတာ ကို စုံစမ်းရှာဖွေမဲ့ အကြောင်း သတင်းထောက် တွေ နဲ့ လူထု ကို ပြောကြားပါတယ်။

တူရကီနိုင်ငံ ဟာ ကျောက်မီးသွေး ကတဆင့် လျှပ်စစ် ထုတ်လုပ်သုံးစွဲနေတာပါ။ တနိုင်ငံလုံးသုံးစွဲတဲ့ လျှပ်စစ်ဓါတ်အား ရဲ့ ၄ဝ ရာခိုင်နှုန်း ဟာ ကျောက်မီးသွေး က ထုတ်ယူတာပါ။ ဒါပေမဲ့ အလုပ်ခွင် ဘေးအန္တရာယ် ကင်းရှင်းရေး အပိုင်း မှာ ဟာကွက်တွေ ရှိနေပါတယ်။

ဒါကို အတိုက်အခံ ပါတီ ဒုဥက္ကဌ ဖါရုခ် လိုဂိုဂလူ က ဝေဖန် ရာမှာ၊ မိုင်းလုပ်ငန်းတွေ ကို ပုဂ္ဂလိက လုပ်ငန်းရှင်တွေ လက်၊ ထိုးရောင်း ကတည်းက၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး အပိုင်း နဲ့ ပတ်သက်လို့ စိုးရိမ်မကင်း ဖြစ်ခဲ့တဲ့ အကြောင်း၊ ဒီလို အလားတူ မတော်တဆ ဖြစ်မှုတွေ လည်း မကြာခန ဖြစ်လေ့ရှိ လို့ ဒီကိစ္စ ကို အလေးအနက်ထား ဆောင်ရွက်စေတာနဲ့ လို့ လွှတ်တော် မှာ တင်ပြ ဆွေးနွေပါလို့ ပြောတဲ့ အခါမှာ အစိုးရ က ပယ်ချတဲ့ အကြောင်း ရှင်းပြတာပါ။

အခုတော့ ဝမ်းနည်းခြင်း အထိမ်းအမှတ် ၃ ရက် သတ်မှတ်လိုက်ပါတယ်။ ဝန်ကြီးချုပ် ရဲ့ သိက္ခာ၊ ရာထူးဂုဏ် စတာတွေ ဟာ ဒီ အမှု နဲ့ ပတ်သက်လို့ ကျဆင်းစရာ ရှိနေပါပြီ။ ပြီးခဲ့တဲ့ အစိုးရ လက်ထက် ကလည်း ၁၉၉၉ ခု တူရကီ ငလျင် လှုပ်မှုနောက်ပိုင်းမှာ အစိုးရ ကိုင်တွယ်ပုံ လမ်းမကျ လို့ ရွေးကောက်ပွဲမှာ ရှုံးတဲ့ သာဓက ရှိခဲ့ပါတယ်။ အခုကိုပဲ အစ္စတန်ဘူးလ် နဲ့ အင်ကာရာ မြို့တွေ မှာ လူထုဆန္ဒပြပွဲ တွေ ဖြစ်နေပါပြီ။