ရုရှ တရုတ် လောင်စာဓါတ်ငွေ့စာချုပ် ချုပ်ဆို

_cina_304x171 ဓာတ်ပုံ မူပိုင် AP
Image caption ရုရှသမ္မတ နဲ့ တရုတ် ဝန်ကြီးချုပ်

ရုရှနဲ့ တရုတ် အစိုးရ တို့ ဟာ ရုရှ ရေနံလုပ်ငန်း ဂက်ဇ်ပရော်မ် ရဲ့ သမိုင်း မှာ ငွေကြေးပမာဏ အားဖြင့် အကြီးမားဆုံး ကန်ထရိုက်စာချုပ် ချုပ်ဆိုဖြစ်သွားပါပြီ။ ဒီစာချုပ် အရ၊ နှစ် ၃ဝ အတွင်း ရုရှ က လောင်စာ ဓါတ်ငွေ့ ၃၈ ဘီလီယံ ကုဗမီတာ ကို နှစ်စဉ် ပေးပို့ မှာ ဖြစ်ပါတယ်။

ပထမ အသုတ်ပေးပို့မှု ကို ၂ဝ၁၈ ခုနှစ်မှာ စတင်ကြမှာပါ။ ဂက်ဇ်ပရော်မ် အနေနဲ့ လည်း အကျိုးအမြတ် အဖြစ်၊ အမေရိကန်ဒေါ်လာ ဘီလီယံ ၄၀၀ ခံစားခွင့်ရှိမှာပါ။ ဒီစာချုပ် ကို ရုရှသမ္မတ ပူတင် ရဲ့ တရုတ်နိုင်ငံ ခရီးစဉ် အတွင်း ချုပ်ဆို ဖြစ်တဲ့ အတွက် မစ္စတာ ပူတင် ကလည်း၊ ခက်ခက်ခဲခဲ နဲ့ နှစ်ဘက် လက်ခံနိုင်တဲ့ အဆင့် ရောက်အောင် ညှိနှိုင်းခဲ့ရကြောင်း ပြောပါတယ်။

နှစ်ဦး နှစ်ဘက် အပြန်အလှန် အကျိုးရှိမဲ့ ကန်ထရိုက်လုပ်ငန်း ကို အောင်အောင် မြင်မြင်နဲ့ စာချုပ် ချုပ်ဆို နိုင်ခဲ့လို့၊ ဒီစာချုပ် အရ နှစ်နိုင်ငံ စလုံးဟာ ကမ္ဘာပေါ် မှာ ငွေကြေး မြှုပ်နှံမှု အရရော၊ အကျိုးအမြတ် အရပါ၊ အကြီးမားဆုံး ဖြစ်တယ် ဆိုတာ ဟာ ပုံကြီးချဲ့ ပြောတာ မဟုတ်တဲ့ အကြောင်း၊ ဒီလုပ်ငန်းဟာ ဓါတ်ငွေ့ ထုတ်လုပ်မှု တခုတည်း မဟုတ်တဲ့ အပြင်၊ လုပ်ငန်း ကုမ္ပဏီ တွေ၊ လုပ်သားတွေ ထောင်သောင်းချီပြီး အကျိုးခံစားရမဲ့ လုပ်ငန်းကြီးပါ လို့ ပြောသွားတာပါ။

အခု အချိန်ဟာ အနောက်အုပ်စု နဲ့ ရုရှ ဟာ စစ်အေးကာလ အခြေအနေ ပြန်ရောက်သလို ဖြစ်နေတဲ့ အတွက်၊ တရုတ် နဲ့ သွားပေါင်းခြင်း ဟာ အံ့သြစရာ မကောင်းပါဘူး လို့ အမေရိကန် နိုင်ငံခြားရေး ဌာန မှ ပြောခွင့်ရ အမျိုးသမီး ဂျန်ဆာကီ က ပြောပါတယ်။ ကမ္ဘာ့နိုင်ငံ အသီးသီးတွေ ကြားမှာ အခုလို အပေးအယူတွေ နဲ့ ညှိနှိုင်း စီးပွားရေး စာချုပ်တွေ ချုပ်ဆိုနေကြတာ၊ နှစ်ပေါင်း ကြာလှတဲ့ အကြောင်း၊အခုခေတ် ဟာ ကမ္ဘာ့စျေးကွက် ချဲ့ထွင် နေကြတဲ့ အခါသမယ မို့၊ အမေရိကန် ဘက် ကလည်း၊ ကိုယ့် ရည်မှန်းချက် တွေ အတိုင်း တရုတ် နဲ့ ကုန်သွယ် ဆက်ဆံမှု တွေ လုပ်နေသလို၊ ရုရှ နဲ့ ပတ်သက် လို့တော့ စိုးရိမ်မကင်းဖြစ်တာတွေ လည်း ရှိနေပါတယ် လို့ ဆိုပါတယ်။

ကမ္ဘာ့ရေးရာ သုံးသပ်လေ့လာသူတွေ ကတော့ အနောက်အုပ်စု နဲ့ ရုရှ ဆက်ဆံရေး ဟာ ယူကရိန်း အရေး နဲ့ ပတ်သက်ပြီး အထစ်အငေါ့ တွေ၊ မကျေလည်တာ တွေ ဖြစ်လာရာက၊ ရုရှဟာ တရုတ်ဘက် ကို ပိုပြီး ယိမ်းသွားစေခဲ့တယ် လို့ မှတ်ချက် ပြုကြပါတယ်။