ထိုင်းစစ်အာဏာသိမ်းမှု နိုင်ငံတကာ ဝေဖန်

thailand ဓာတ်ပုံ မူပိုင် AP
Image caption ထိုင်း နိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြန်

ထိုင်းနိုင်ငံမှာ မနေ့ ၂၂ရက် မေလက စစ်တပ်က စစ်အာဏာသိမ်းကြောင်း ကြေညာကာ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ဆိုင်းငံ့လိုက် ပြီး၊ စစ်အုပ်ချူပ်ရေး နဲ့ ညမထွက်ရ ကာဖျူး အမိန့် ထုတ်ပြန်ထားလိုက်ပြီ ဖြစ်ပါတယ်။

လွတ်လပ်တဲ့ ရုပ်မြင်သံကြားနဲ့ ရေဒီယို အသံလွှင့်ရုံတွေ ကို ပိတ်ထားခဲ့ပြီး၊ လူစုလူဝေး မပြုလုပ်ကြဖို့ လည်း အမိန့်ထုတ် ထားပါတယ်။

မြို့တော် ဘန်ကောက်ရဲ့ လမ်းတွေပေါ်မှာ၊ လက်နက် တပ်ဆင်ထားကြ တဲ့ ရာနဲ့ချီတဲ့ စစ်သားတွေ လှည့်လည် နေကြပါတယ်။

အဲဒီလို၊ ထိုင်းစစ်တပ်က အာဏာသိမ်းလိုက်တဲ့ အပေါ် နိုင်ငံတကာက ပြစ်တင် ရှုံ့ချ နေကြပါတယ်။

ဒီလို အာဏာသိမ်းတာ မှန်တယ်လို့ ပြောဖို့ အတွက်၊ ထိုင်းစစ်တပ်မှာ လုံလောက်တဲ့ ဘယ်လို အခြေခံ အကြောင်းမှ ရှိမနေဘူး လို့၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး John Kerry က ပြောပါတယ်။

ထိပ်တန်း ထိုင်းနိုင်ငံရေးသမားတွေ အထိန်းအသိမ်း ခံလိုက်ရတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတဲ့ အပေါ် စိုးရိမ်ကြောင်း နဲ့၊ ပြန်လွှတ်ပေးဖို့ လည်း မစ္စတာ ကယ်ရီက တောင်းဆိုလိုက်ပါတယ်။

ထိုင်းစစ်တပ်ရဲ့ အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး၊ အမေရိကန် အစိုးရ အနေနဲ့ ဘယ်လို တုန့်ပြန်မှုတွေ ပြုလုပ်မယ် ဆိုတာနဲ့ ပတ်သက်ပြီး၊ ထိုင်းနိုင်ငံကို အမေရိကန်က ပေးထားတဲ့ စစ်ရေး အပါအဝင် အခြားသော အကူအညီ အထောက်အပံ့တွေကို ပြန်လည် သုံးသပ်နေကြောင်းနဲ့၊ ပထမအဆင့် အနေနဲ့ စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်မှု နဲ့ အကူအညီ ပေးမှု အားလုံးကို ဆိုင်းငံ့ထားလိုက်တယ် ဆိုပြီး၊ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ပြောခွင့်ရ တာဝန်ခံ Jen Psaki က ပြောပါတယ်။

ထိုင်းစစ်တပ် အာဏာသိမ်းမှု အပေါ်၊ ဒေသတွင်း နိုင်ငံတွေ ဖြစ်တဲ့ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင် အပါအဝင်၊ ဩစတြေးလျား နိုင်ငံတို့က စိုးရိမ်ကြောင်း ပြောခဲ့သလို၊ ကုလသမဂ္ဂရဲ့ အထွေထွေ အတွင်းရေးမှုးချူပ် ဘန်ကီမွန်းကလည်းနဲ့ ဂျပန်နိုင်ငံ ကလည်း၊ ဒီမိုကရေစီကို မြန်မြန် ပြန် အသက်သွင်းဖို့ တိုက်တွန်းထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ