ယူကရိန်းရွေးကောက်ပွဲ ရုရှားဖျက်ချင်နေလား

  • 23 မေ 2014
yatsenyuk ဓာတ်ပုံ မူပိုင် Reuters
Image caption ယူကရိန်း ယာယီဝန်ကြီးချူပ် အာဆင်းနီ ယက်ဆင်ညု

ယူကရိန်းနိုင်ငံမှာ၊ ရုရှား လိုလားသူ ခွဲထွက်ရေး လက်နက်ကိုင်တွေ ရဲ့ လက်ချက်နဲ့၊ ယူကရိန်း စစ်သား အနည်းဆုံး ၁၄ ဦး သေဆုံးခဲ့ အပြီးမှာ၊ ယူကရိန်း ပဋိပက္ခ အကြပ်အတည်း ပိုမို ဆိုရွားလာအောင်၊ ရုရှားက ပြုမူနေတယ် ဆိုပြီး၊ ယူကရိန်း ယာယီ ဝန်ကြီးချူပ် က စွပ်ဆွဲ လိုက်ပါတယ်။

ယူကရိန်းနိုင်ငံ သမ္မတ ရွေးကောက်ပွဲ ပြုလုပ်ဖို့ ၃ ရက်အလိုမှာ၊ အရှေ့ပိုင်းဒေသ Donetsk မြို့ရဲ့ စစ်ဆေးရေးဂိတ် တစ်ခုမှာ တိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ သမ္မတ ရွေးကောက်ပွဲ ကို၊ ရုရှား အစိုးရက အနှောင့်ယှက် ပြုဖို့ ကြိုးစားနေကြတယ် ဆိုပြီး၊ မစ္စတာ Yatsenyuk က ပြောဆိုခဲ့ပြီး၊ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အရေးပေါ် အစည်း အဝေး ခေါ်ဖို့လည်း တောင်းဆို လိုက်ပါတယ်။

အရေးပေါ် အစည်းအဝေးမှာ၊ ယူကရိန်း ရွေးကောက်ပွဲ ပျက်ပြားအောင် ရုရှားက ဆောင်ရွက်နေတာတွေနဲ့ ပတ်သက်တဲ့ သက်သေ အထောက်အထားတွေကို တင်ပြသွားမယ် ဆိုပြီး၊ မစ္စတာ ယက်ဆင်ညုက ပြောပါတယ်။

တခါ၊ ယူကရိန်း အရေးနဲ့ ပတ်သက်ပြီး၊ သမ္မတပူတင် ဦးဆောင်တဲ့ ရုရှားနိုင်ငံ ရဲ့ အပြုအမူတွေ အပေါ်၊ နာဇီလက်ထက် ဂျာမဏီနိုင်ငံရဲ့ အပြုအမူတွေ နဲ့ နှိုင်းယှဉ်ခဲ့တဲ့၊ ဗြိတိန် အိမ်ရှေ့မင်းသား Charles ရဲ့ ပြောဆိုခဲ့မှုနဲ့ ပတ်သက်ပြီး၊ လန်ဒန်မြို့မှာ ရုရှနဲ့ ဗြိတိသျှက တာဝန်ရှိ ပုဂ္ဂိုလ်တွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

ချားလ်စ် မင်းသားသာ ဒီလို ပြောဆိုခဲ့ရိုးမှန်ရင်၊ ဘယ်လို အကြောင်းပြချက် ခိုင်လုံမှုမှ မရှိတဲ့ ပြောဆိုမှုတစ်ရပ်သာ ဖြစ်တယ် ဆိုပြီး၊ ရုရှ နိုင်ငံခြားရေးဌာနက တုန့်ပြန် ခဲ့ပါတယ်။

ဒါ့အပြင်၊ အိမ်ရှေ့မင်းသားက ဒီလို ပြောဆိုခဲ့တယ် ဆိုတာကို အသုံးချပြီး၊ အနောက်နိုင်ငံ မီဒီယာတွေကလည်း ရုရှား ဆန့်ကျင်ရေး ဝါဒဖြန့်မှုတွေ လုပ်ဆောင် လာကြတယ်လို့ မော်စကိုမြို့က ရုရှားအစိုးရရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ