လူ ၅ ဦးထက်ပိုမစုရ အမိန့် ကြားကရှပ်နီ ဆန္ဒပြ

  • 24 မေ 2014
bbc_thai_304x17
Image caption စစ်အုပ်ချုပ်မှု အောက် မှ ထိုင်းနိုင်ငံ

ထိုင်းအာဏာသိမ်း ခေါင်းဆောင်တွေ က ဝန်ကြီးချုပ်ဟောင်း ယင်လတ် အပါအဝင် နိုင်ငံရေးသမား ၁၀၀ကျော် ကို သောကြာနေ့ က ထိန်းသိမ်း လိုက်ပြီး၊ ဒီကနေ့ မှာ လည်း၊နောက်ထပ် ၃၅ ယောက် ကို ဆင့်ခေါ်လိုက်ပါတယ်။

လောလောဆယ်တော့ စစ်တပ် က တားမြစ် ထားတဲ့ကြား က လူရာပေါင်းများစွာတို့ဟာ စစ်တပ် အာဏာသိမ်းတာကိုမကြေနပ်လို့ ဘန်ကောက်မြို့လယ် လမ်းမကြီးတွေပေါ်မှာ ချီတက်ဆန္ဒပြနေကြပါတယ်။ အောင်မြင်ခြင်း အထိမ်းအမှတ် ကျောက်တိုင်ကိုရောက်တဲ့အခါ အာဏာသိမ်း ဆန့်ကျင်တဲ့ ဆိုင်းဘုတ် တွေ ကို စိုက်ထူ ကြပါတယ်။ အာဏာပိုင်တွေ က တော့ ဝန်ကြီးချုပ်ဟောင်းယင်လတ် ကို တပတ်ထက် ပိုထိန်းသိမ်းထား မှာ မဟုတ်ဘူးလို့ပြောပါတယ်။ ဒါပေမယ့် တိုင်းရေးပြည်ရေး ကိစ္စတွေ စီမံခန့်ခွဲနေချိန်မှာ၊သူ့ကို ဖမ်းထားဖို့လိုအပ်တယ် လို့ ပြောပါတယ်။ ယာယီဝန်ကြီးချုပ် ဘွန်ဆွန်ဖိုင်ဆန်အပါအဝင် နိုင်ငံရေးသမား ၁၀၀ ကျော် ကို ဖမ်းထားပြီး ဘယ်မှာ ထားတယ်ဆိုတာ စစ်တပ်ကမပြောပါဘူး။

စစ်အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး Werachon Sukhondhapatipak က နိုင်ငံရေးသမား တွေ စဉ်းစားနိုင်အောင် အခုလို ဖမ်းဆီး ထားတာ လို့ ပြောပါတယ်။ အရင် ဖြစ်သွားတာတွေ ကို ပြန်သုံးသပ်ပြီး တည်ငြိမ် လာတဲ့အခါ၊ တိုင်းပြည် နဲ့သူတို့အတွက် ဘာတွေ လုပ်ရင်အကောင်းဆုံးဖြစ်မလဲဆိုတာ စဉ်းစားဖို့ အချိန် ရနိုင် တဲ့ အကြောင်း၊ သူတို့ကို ကောင်းကောင်း မွန်မွန်ထားပါတယ်၊ ဖိအား ပေးတာမျိုး မရှိပါဘူးလို့ ပြောပါတယ်။

နောက်ပြီးတော့၊ အခုဖမ်းထားသူတွေ အနေ နဲ့ဘုံရပ်တည်ချက်တခု ရှာဖို့ လိုလားကြောင်း၊ စစ်တပ် အနေနဲ့ သူတို့ ရဲ့ အမြင် တွေကို ပြောင်းစေချင်ကြောင်း သူက ဆက် ပြောပါ တယ်။

နောက်ထပ်အသစ် ဆင့်ခေါ်ခံရသူ တွေထဲ မှာ ပညာရှင်တွေ နိုင်ငံရေးသမား တွေ၊ တက်ကြွလှုပ်ရှားသူတွေ ပါဝင်ပါတယ်။ အဲဒီထဲမှာ ဘုရင်ကို မထေမဲ့မြင် ပြုမှု နဲ့ တရားစွဲခံရသူ ဒါမှမဟုတ် ဝေဖန်သူတွေ ပါဝင်တယ်လို့ ဘန်ကောက်ရှိ ဘီဘီစီသတင်းထောက် က ပြောပါတယ်။ ဘုရင်စနစ် ကိုဝေဖန်တိုက်ခိုက်ရင် ပြင်းထန် တဲ့ ဥပဒေ တွေ ထိုင်းမှာ ရှိပါတယ်

အခုထိုင်း မှာ အာဏာသိမ်းတာဟာ၊ အရင်လို အရပ်သားအစိုးရလက်ထဲ၊ ပြန်ပြီး မြန်မြန်ပေးမှာ မဟုတ်ဘူးလို့ ဘီဘီစီသတင်းထောက် တွေ ကပြောပါတယ်။ အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်ကြီး Prayuth က၊ အစိုးရဝန်ထမ်းတွေ အနေနဲ့ တိုင်းပြည် ကို ပြန်ထူထောင် ဖို့ကူညီကြပါလို့ပြောပါတယ်။ ရွေးကောက်ပွဲ နောက်ထပ်မလုပ်မီ၊ စီးပွားရေး၊လူမှုရေး၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ လိုတယ်လို့ ပြောပါတယ်။ တိုင်းပြည်တည်ငြိမ်အေးချမ်းလာတဲ့အခါ လူထုကို အာဏာ ပြန်အပ်နှင်းမယ် လို့ ဆိုပါတယ်။

အမေရိကန်ကတော့၊ ထိုင်းစစ်တပ်ပြုပြင်ရေးအတွက် ပေးတဲ့ အကူအညီထဲက၊ အမေရိကန်ဒေါ်လာ သုံးသန်းခွဲ ကိုရပ်ဆိုင်းလိုက် ပြီး အရပ်သား အုပ်ချုပ်ရေး ကို အမြန် ပြန်လွှဲပြောင်းပေးဖို့ တောင်းဆို နေပါတယ်။