ယူကရိန်းအရှေ့ လုဟန့်စ်ခ်မှာ တိုက်ပွဲဖြစ်

luhansk_separatists ဓာတ်ပုံ မူပိုင် AP
Image caption luhansk_separatists

ယူကရိန်း အရှေ့ပိုင်း နယ်ထဲ မှာ၊ ကြာသပတေးနေ့ က ဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း၊ ရုရှားလိုလားသူ ခွဲထွက်ရေးသမား အယောက် ၂၀ လောက် အထိ၊ သေဆုံးသွားတယ် ဆိုပြီး၊ ယူကရိန်း အစိုးရက ပြောပါတယ်။

Rubizhne ဆိုတဲ့ ရွာအနီးမှာ ရှိတဲ့၊ အစိုးရ စစ်စခန်း တစ်ခုကို၊ သူပုန် အင်အား ၅၀၀၊ လာရောက် တိုက်ခိုက်ခဲ့တဲ့ အတွက် တိုက်ပွဲ ဖြစ်ခဲ့ရတယ်လို့ ယူကရိန်း ကာကွယ်ရေး ဝန်ကြီး ဌာနက ဆိုပါတယ်။

အဲဒီ နယ်မြေအတွင်းမှာပဲ၊ အစိုးရ စစ်ယာဉ်တန်း တစ်ခု အတိုက်အခိုက် ခံခဲ့ရပြီး၊ စစ်သားတစ်ဦး သေဆုံးခဲ့ကြောင်းလည်း အစိုးရဘက်က ကြေညာခဲ့ပါတယ်။

တခါ၊ တနင်္ဂနွေနေ့ မှာ ကျင်းပမယ့်၊ ယူကရိန်း သမ္မတရွေးကောက်ပွဲ က ထွက်ပေါ်လာမယ့် ရလာဒ်ကို သူ့အနေနဲ့ လေးစားမှာ ဖြစ်တယ် ဆိုပြီး၊ ရုရှား သမ္မတ Vladimir Putin က ပြောလိုက်ပါတယ်။

ယူကရိန်း နိုင်ငံဟာ အခုဆို ပြည်တွင်းစစ်ထဲ တကယ် ကျရောက်နေပြီလို့ သူယူဆပေမယ့်၊ ယူကရိန်း ပြည်သူတွေ အနေနဲ့၊ လက်ရှိ အကြပ်အတည်း က လွတ်မြောက်လိုကြပြီး၊ သူတို့ ရွေးချယ်မှု ကို လေးစားရမှာ ဖြစ်တယ် လို့လည်း၊ မစ္စတာ ပူတင်က ဆိုပါတယ်။

St Petersburg မြို့မှာ ကျင်းပ တဲ့ စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲ တစ်ခုမှာ၊ မစ္စတာ ပူတင်က ဒီလို ပြောဆိုခဲ့တာ ဖြစ်ပြီး၊ ယူကရိန်း အရှေ့ဘက်ပိုင်း ဒေသတွေ မှာ ဖြစ်ပေါ်နေတဲ့ သွေးထွက်သံယို အကြမ်းဖက်မှုတွေ ရဲ့ နောက်ကွယ်မှာ၊ ရုရှား အစိုးရ ပါဝင် ပတ်သက်နေတယ် ဆိုတဲ့၊ စွပ်ဆွဲချက်တွေကို လည်း ငြင်းပယ်ခဲ့ပါတယ်။

မစ္စတာ ပုတင်ရဲ့ ပြောဆိုမှုတွေ အပေါ်၊ ယူကရိန်း ယာယီ နိုင်ငံခြားရေး ဝန်ကြီး Andriy Deshchytsya က၊ တကယ်သာ ယူကရိန်း ရွေးကောက်ပွဲကို ရုရှားက လေးစားမယ် ဆိုရင် ကြိုဆိုကြောင်းနဲ့၊ ဒါပေမယ့် တရားဝင် ရွေးကောက် တင်မြှောက်ခံရမယ့် ယူကရိန်း အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကိုလည်း ရုရှားဘက်က တကယ် လုပ်ဆောင်ရမှာ ဖြစ်ကြောင်း တုန့်ပြန်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ