အီးယူ ဆန့်ကျင်သူတွေ ရွေးကောက်ခံနေရ

  • 26 မေ 2014
eu election ဓာတ်ပုံ မူပိုင် Getty
Image caption ဥရောပ သမဂ္ဂ လိုလားသူတွေ ပူပန်

ဥရောပ လွှတ်တော်သစ် ရွေးကောက်ပွဲ တွေမှာ ဥရောပ သမဂ္ဂကို ဆန့်ကျင်တဲ့ ပါတီတွေ ထောက်ခံမှု ကောင်းကောင်း ရခဲ့ပါတယ်။

ပြင်သစ်မှာ လက်ယာစွန်း အမျိုးသားရေး တပ်ဦး အနိုင်ရ နေသလို ဗြိတိန်မှာလဲ အီးယူက နုတ်ထွက်ရေး တောင်းဆို နေတဲ့ ယူကေ လွတ်လပ်ရေး ပါတီက ဦးဆောင် အောင်ပွဲ ရနေပါတယ်။

ဥရောပ လွှတ်တော် ဥက္ကဋ္ဌ Martin Schulz ကတော့ ဒီအခြေအနေကို အင်မတန် စိုးရိမ်ကြောင်း ပြောကြား ခဲ့ပါတယ်။

ဒီမဲပေးမှု နောက်ကွယ်က စိတ်ပျက် စိုးရိမ်မှု တွေကို ဥရောပ သမဂ္ဂ လိုလားတဲ့ ပါတီတွေ အလေးထား သုံးသပ်ဖို့ လိုပြီလို့ Martin Schulz က ပြောဆို ခဲ့ပါတယ်။

ဒိန်းမတ်မှာလဲ ပြည်ပက ဝင်လာသူတွေကို ဆန့်ကျင်တဲ့ ပေါ်ပျူလာ ပါတီက မဲစာရင်းမှာ ထိပ်က ရောက်နေတယ်လို့ သိရပါတယ်။

ဂရိနဲ့ စပိန် မှာတော့ အစိုးရ အသုံးစရိတ် ဖြတ်တောက်ရေးကို ဆန့်ကျင်တဲ့ လက်ဝဲ ပါတီ တွေက အာဏာရ ပါတီ တွေထက် ပိုလူကြိုက် များ နေပါတယ်။

ဒါပေမဲ့ စာရင်းချုပ် ကြည့်ရရင်တော့ ဥရောပ သမဂ္ဂ ထားရှိရေး လိုလားတဲ့ ပါတီ တွေက ဥရောပ လွှတ်တော်သစ်ကို ဆက်လက် ထိန်းချုပ် ထားနိုင်ဆဲ ဖြစ်ပြီး ကွန်ဆာဗေးတစ်နဲ့ ဆိုရှယ်လစ် ပါတီ တွေက အမတ် နေရာ ၇၅ဝ ထဲက ၄ဝဝ ကျော်ကို ရရှိ နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ