ယူကရိန်း သမ္မတ ရွေးကောက်ပွဲ ကျင်းပ

Ukraine ဓာတ်ပုံ မူပိုင် Getty
Image caption အကျပ်အတည်းကြားက ယူကရိန်း ရွေးကောက်ပွဲ

ယူကရိန်း သမ္မတ ရွေးကောက်ပွဲ ပထမ အကျော့မှာ မုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီး Petro Poroshenko က ၅၆ ရာခိုင်နှုန်းနဲ့ အပြတ်အသတ် နိုင်နေပြီလို့ မဲစာရင်း ရလဒ်တွေက ပြနေပါတယ်။

တနင်္လာနေ့ထိ တရားဝင် မဲအနိုင်စာရင်း ရလဒ်တွေ မကြေညာ သေးဘူး လို့ သိရပါတယ်။

သူ့အနေနဲ့ ယူကရိန်း စစ်မီး ငြိမ်းသတ်ပြီး ငြိမ်းချမ်းရေး ရဖို့ လိုလားကြောင်း မစ္စတာ Poroshenko က ပြောပါတယ်။

ကရိုင်းမီးယား ကျွန်းဆွယ်ကို ရုရှ သိမ်းယူ ထားတာကို သူ ဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူး လို့လည်း ဆိုပါတယ်။

ယူကရိန်း ရွေးကောက်ပွဲ ကျင်းပ နေချိန် မှာပဲ ရုရှ ဝန်ကြီးချုပ် Dmitri Medvedev ကရိုင်းမီးယား ဒေသကို လာရောက် ခဲ့ပါတယ်။

ဒီခရီးဟာ ရုရှ ဘက်က တမင်တကာ ရန်စတဲ့ လုပ်ရပ် ဖြစ်တယ်လို့ ယူကရိန်း အစိုးရ က ပြောဆိုပါတယ်။

အရှေ့ပိုင်းက ဒေါ်ညက်စ် မြို့ မှာတော့ မဲရုံ တရုံမှ မဖွင့်နိုင်ခဲ့ပါ။ တချို့မဲရုံတွေကို လက်နက်ကိုင် ခွဲထွက်ရေး သမားတွေက သိမ်းထားခဲ့ပြီး ရွေးကောက်ပွဲ ကော်မရှင် တာဝန် ရှိသူတွေကို ခြိမ်းခြောက်မှု တွေ လုပ်ခဲ့ပါတယ်။

ခွဲထွက်ရေး သမားတွေ များတဲ့ လူဟန့်စ်မြို့ မှာလည်း မဲရုံတွေ ပိတ်ထားပါတယ်။ ဒါပေမဲ့ တခြား အရှေ့ပိုင်း မြို့အတော် များများ မှာတော့ မဲရုံတွေ ဖွင့်တယ်လို့ သိရပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ