ယူကရိန်းသမ္မတသစ်က အကြမ်းဖက်သမားတွေကို သတိပေး

4_bbc_304x171
Image caption ဒေါညက်စ်လေဆိပ် ကို ပြန်သိမ်းတိုက်ပွဲ

မနေ့ မနက် က ရုရှလိုလားတဲ့ လက်နက်ကိုင် အုပ်စု တွေ က ဒေါညက်စ် လေဆိပ် ဝင်စီးနင်း တိုက်ခိုက်မှု ကို ယူကရိန်း အစိုးရ တပ်ဖွဲ့တွေ ဘက် က လည်း လက်နက်ကြီးတွေ အသုံးချပြီး ပြန်တိုက်ယူတဲ့ အတွက်၊ လေဆိပ် ကို ပြန်လည် ထိန်းချုပ် နိုင်ပါပြီ။

ယူကရိန်း ပြည်ထဲရေး ဝန်ကြီးဌာန ပြောကြားချက် ကို ယူကရိန်း သတင်း ဝက်ဘ်ဆိုက်က ကိုးကား ဖေါ်ပြထားရာမှာ ဒီတိုက်ခိုက်မှု အတွင်း ခွဲထွက်ရေးသမား ၃၂ ယောက်သေဆုံးပြီး၊ ယူကရိန်း စစ်သားတယောက် ပဲ ဒဏ်ရာ ရတယ် လို့ ဆိုပါတယ်။

ယူကရိန်းသမ္မတသစ် ပက်ထရို ပိုရိုရှန်ကို ကလည်း နိုင်ငံတွင်း တည်ငြိမ်မှု နဲ့ ညီညွတ်မှု ပြန်ရအောင်၊ လုပ်ပေးမဲ့ အကြောင်း၊ ဒါကြောင့် လာမဲ့သီတင်းပတ်တွေ အတွင်း ရုရှ ခေါင်းဆောင်တွေ နဲ့ တွေ့ဖို့ မျှော်လင့်ထား ကြောင်း ပြောပါတယ်။ အခု တိုက်ခိုက်မှုတွေ ပြုနေကြသူတွေ ဟာ ယူကရိန်း ပြည်သူ အများစု ကို ကိုယ်စား မပြုဘူး လို့လည်း ပြောပါတယ်။ သူတို့ဟာ လူတိုင်းက သူတို့ကို ကြောက်နေ တာ ကို လိုချင်တဲ့အကြောင်း၊ ဒီနည်းနဲ့ပဲ သူတို့ရှင်သန် နေလို့၊ ဒါ ကို ခွင့်မပြုနိုင်တဲ့ အတွက် ဒေါန်ဘတ်စ် နယ်သားတွေ ရဲ့ ယုံကြည်မှု ရအောင် ပြန်တိုက်မှာဘဲ လို့ ပြောသွားတာပါ။

ဒေါညက်စ် ပြည်နယ် ခေါင်းဆောင်နေရာ ယူထားတဲ့ ဒဲနစ္စ ပူရှစ်လင် ကလည်း၊ သမ္မတ သစ် က ဒေါညက်စ် ကို လာမယ် ဆိုလို့ တိုက်ပွဲ ပြန်ဖြစ်တဲ့ အကြောင်း သတင်းစာ ရှင်းလင်းပွဲ မှာ ပြောပါတယ်။

လေဆိပ်ဝင်စီးမှု ကို ယူကရိန်း အာဏာပိုင်တွေ က ပြန်တိုက်တဲ့ အခါမှာ လက်နက်ကိုင် တပ်ဖွဲ့ တွေ အပြင် တိုက်လေယာဉ် တွေ ပါ အသုံးပြုခဲ့တာပါ။ ဒါ ကို ယူကရိန်း အစိုးရ ပြောခွင့်ရ အိုလက်ဆီ ဒမီထရက်ရှ် ကီဗ်စကီ က အတည်ပြုပါတယ်

လေဆိပ်ကို ပြန်သိမ်းနိုင်အောင် ဆူး ၂၅ တိုက်လေယာဉ် နှစ်စင်း နဲ့ အရင် သတိပေး ပစ်ခတ်သလို၊ အကြမ်းဖက် သမားတွေ ဘက် က လက်နက် မျိုးစုံ နဲ့ ပြန် ပစ်ခတ်တဲ့ အတွက်၊ မစ် ၂၉ တိုက်လေယာဉ် ၂ စင်းနဲ့ ပြန်တိုက် ပြီး၊ လေထီးစစ်သား တွေ ပါ၊ ပါဝင်တိုက်ကြလို့ လေဆိပ် ကို ပြန်ရလိုက်တာပါ လို့ ရှင်းပြပါတယ်။

ဒီတိုက်ပွဲ သတင်း ရယူကြတဲ့ သတင်းထောက်တွေ ပြောပြချက် အရလည်း ယူကရိန်း အရှေ့ဘက် ဒေသ မှာ မငြိမ်မသက် ဖြစ်ချိန်က စလို့ အခု စစ်ဆင်ရေး ဟာ ယူကရိန်းအာဏာပိုင်တွေ ဘက် က အပြင်းထန်ဆုံး တိုက်ခိုက်မှု လို့ ပြောကြပါတယ်။