အိန္ဒိယ ဝန်ကြီးချုပ်သစ် ပါကစ္စတန် ဝန်ကြီးချုပ်နဲ့ တွေ့

ဓာတ်ပုံ မူပိုင် Reuters
Image caption ပါကစ္စတန် ဝန်ကြီးချုပ် (ဝဲ) နဲ့ အိန္ဒိယ ဝန်ကြီးချုပ်သစ် မိုဒီတို့ နယူးဒေလီမှာ တွေ့ဆုံစဉ်။

အိန္ဒိယနိုင်ငံကို တိုက်ခိုက်ဖို့ အတွက် လက်နက်ကိုင်တွေက ပါကစ္စတန် ပိုင်နက် နယ်မြေကို အသုံးပြုနေတာတွေအပေါ် ပါကစ္စတန် အစိုးရ အနေနဲ့ တားဆီးသင့်ကြောင်း အိန္ဒိယ ဝန်ကြီးချုပ်သစ် နာရန်ဒရာ မိုဒီ Narendra Modi က ပါကစ္စတန် ဝန်ကြီးချုပ် နဝါ့ဇ် ရှရစ်ဖ် Nawaz Sharif ကို ပြောကြား လိုက်တယ်လို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာန အဆင့်မြင့် တာဝန်ရှိသူတွေက ပြောပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံ ကုန်သွယ်ရေး ဆက်ဆံမှုတွေ ပုံမှန် ဖြစ်အောင် ရှေ့တိုး ဆောင်ရွက်ဖို့ ကောင်းတယ်လို့လည်း မစ္စတာ မိုဒီက ပြောသွားပါတယ်။

မစ္စတာ နဝါ့ဇ် ရှာရစ်ဖ် ကလည်း ဒေသတွင်း မတည်မငြိမ် ဖြစ်နေမှုတွေ၊ မလုံမခြုံ ဖြစ်နေမှုတွေ ပပျောက်သွားအောင် မစ္စတာ မိုဒီနဲ့ သူ ပူးပေါင်း ဆောင်ရွက်သွားနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ပြောပါတယ်။

ဝန်ကြီးချုပ် နှစ်ဦးရဲ့ တွေ့ဆုံ ဆွေးနွေးမှုဟာ ချစ်ကြည် ရင်းနှီးပြီး အကျိုးဖြစ်ထွန်းစေတဲ့ တွေ့ဆုံ ဆွေးနွေးမှု ဖြစ်တယ်လို့ အိန္ဒိယ အဆင့်အမြင့်ဆုံး သံတမန် ဆူဂျာသာ ဆင်း Sujatha Singh က သတင်းထောက်တွေကို ပြောပါတယ်။

အိန္ဒိယ ဝန်ကြီးချုပ်အဖြစ် မစ္စတာ မိုဒီရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲအတွက် မစ္စတာ ရှာရစ် ဒေလီမြို့ကို ရောက်ရှိနေစဉ် အခုလို ခေါင်းဆောင် နှစ်ဦး တွေ့ဆုံ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ