သမ္မတအိုဘားမား အာဖဂန်မှာ တပ်ထားခဲ့ချင်

_obama_bagram ဓာတ်ပုံ မူပိုင် AP
Image caption သမ္မတအိုဘားမား အာဖဂန် စစ်စခန်းရောက်ခိုက်

အမေရိကန်သမ္မတ အိုဘားမား က အာဖဂန်နစ္စတန် မှာ တပ်စွဲ ထားတဲ့ အမေရိကန် တပ်တွေ ကို ဒီနှစ်ကုန် မှာ ပြန်လည်ရုပ်သိမ်း မယ့် အကြောင်း ပြောပြီး၊ တပ်အင်အား ၉၈၀၀ ကိုတော့ ၂၀၁၅ နှစ်ဆန်း မှာ ချန်ထားခဲ့မယ် လို့ ဆိုပါတယ်။

ကျန်ရစ်တဲ့ တပ်အင်အား ဟာ အယ်လ်ကိုင်အီဒါ အဖွဲ့ရဲ့ အကြမ်းဖက် တိုက်ခိုက်မှု တွေ ကို နှိမ်နင်းရေး နဲ့ အာဖဂန် တပ်တွေ ကို စစ်သင်တန်း ပို့ချရေး အတွက် ထားခဲ့မှာပါ။ ဒီကြေညာချက် ကို ထုတ်ပြန်ဖို့ ကလည်း ကြာလှပါပြီ။ ဒါပေမဲ့ သမ္မတ ကာဇိုင်း က အဆိုပါ သဘောတူညီချက် ကို လက်မှတ်ရေးထိုးဖို့ နှောင့်နှေး ခဲ့တဲ့ အတွက် ကြန့်ကြာ ခဲ့တာပါ။ အခုတော့ မကြာခင် မှာ အာဖဂန် သမ္မတ အသစ် အဖြစ် သမ္မတ လောင်း ၂ ယောက်ထဲ က၊ တယောက် အရွေးခံရရင်၊ ဒီ သဘောတူ စာချုပ် အကောင်အထည် ပေါ်လိမ့် မယ် လို့ သမ္မတ အိုဘားမား က ယုံကြည်နေပါတယ်။

အမေရိကန် အနေနဲ့ စောစော ပိုင်း က ညှိနှိုင်းထားတဲ့ အတိုင်း၊ ၂၀၁၄ ခု နောက်ပိုင်းမှာ အမေရိကန်တပ် တချို့တဝက် ချန်ထားခဲ့ရေး ကို အစိုးရ သစ် ဘက်ကနေ သဘော တူမှ သာ၊ ထားခဲ့မဲ့ အကြောင်း၊ ဒီ သဘောတူညီမှု ကလည်း အရေးကြီးတဲ့ အကြောင်း၊ အမေရိကန်တပ် အနေနဲ့ သူတို့ ယူထားတဲ့တာဝန် ကို အပြည့်အဝ ကျေပြွန် ချင် သလို၊ တဖက်မှာလည်း အာဖဂန် ရဲ့ အချုပ်အချာ အာဏာ ကိုလည်း လေးစားတဲ့ အကြောင်း၊ ဒါကြောင့်မို့ တက်လာမဲ့ သမ္မတ သစ် အနေနဲ့၊ ရာထူး လက်ခံပြီးတာနဲ့ ဒီသဘောတူညီချက် ကို လက်မှတ်ထိုးမယ် လို့ မျှော်လင့်ထား တာပါ လို့ သမ္မတ အိုဘားမား က ပြောတာပါ။

တခါ ၂၀၁၅ နှစ်ကုန်ပိုင်း အရောက်မှာတော့ တပ်အင်အား ၉၈၀၀ ကနေ ၅ဝဝဝ အထိ လျှော့ချ ဖို့ရှိပါတယ်။ ဒီ တပ်တွေ ကလည်း ကာဘူးလ် နဲ့ ဘာဂရမ် လေတပ် အခြေစိုက် စခန်းတွေမှာ တပ်စွဲထားမှာပါ။ နောက်တနှစ် အကြာ ၂၀၁၆ ခု နှစ်ကုန်ပိုင်းမှာတော့၊ အမေရိကန်တပ် တွေ အာဖဂန် ကနေ အပြီး ရုပ်သိမ်းမှာ ဖြစ်ပါတယ်။

ဗြိတိသျှ တပ်တွေ ကတော့ ဒီနှစ် ကုန်မှာ ဘက်စတီရန် တပ်စခန်းကနေ၊ တပ်ရုပ်ပြီး၊ တပ်အင်အား ၂ဝဝ ဘဲ ချန်ခဲ့မှာပါ။ သူတို့ယူမဲ့ တာဝန် ကလည်း ကာဘူးလ် အနောက်မြောက် အရပ်မှာ စစ်သင်တန်းပေးဖို့ပါပဲ။

သမ္မတ အိုဘားမား အနေနဲ့ လည်း၊ ဒီရက်ပိုင်း အတွင်းမှာ အရေးကြီးတဲ့၊ နိုင်ငံခြားရေးရာ မူဝါဒ မိန့်ခွန်း ခြွေရတော့ မှာ ဖြစ်တဲ့ အတွက်၊ အီရပ် နဲ့ အာဖဂန် စစ်ပွဲတွေ အပြီးမှာ အမေရိကန် ရဲ့ ကမ္ဘာပေါ်မှာ ဉီးဆောင်မှု အပိုင်း၊ ကျန်သေးတယ် ဆိုတာ ကို ချပြလို တဲ့ အကြောင်း ဘီဘီစီ မြောက်အမေရိက ဆိုင်ရာ အယ်ဒီတာ က သုံးသပ် တင်ပြပါတယ်။