ဗီယက်နမ် ငါးဖမ်းလှေ တရုတ်သင်္ဘောကြောင့် နစ်မြုပ်

  • 27 မေ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption တရုတ် ရေနံတူးစင်အနီး တရုတ်သင်္ဘော ကင်းလှည့်နေစဉ်

တောင်တရုတ် ပင်လယ်ပြင်မှာ ဗီယက်နမ် ငါးဖမ်း သင်္ဘော တစ်စင်း နစ်မြုပ်သွားခဲ့တာနဲ့ ပတ်သက်လို့ တရုတ်နဲ့ ဗီယက်နမ် အကြား အကြီးအကျယ် စွပ်စွဲ ပြစ်တင်နေကြပါတယ်။

သူပိုင် ကိုယ်ပိုင် အငြင်းပွားနေကြတဲ့ တောင်တရုတ် ပင်လယ်ပြင်မှာ တရုတ် ရေနံတူးစင် တစ်ခုကြောင့် ထိပ်တိုက် ရင်ဆိုင်မှုတွေ ဆက်ဖြစ်နေတုန်း ဗီယက်နမ် ငါးဖမ်းသင်္ဘောကို တရုတ် သင်္ဘော တစ်စင်းက တမင် ဝင်တိုက်ပစ်ခဲ့တယ်လို့ ဗီယက်နမ် အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တွေက ပြောပါတယ်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ဗီယက်နမ်တို့ ဘက်က အန္တရာယ်ဖြစ်အောင် လုပ်ခဲ့တာလို့ ဆိုပါတယ်။

တရုတ် သင်္ဘောတွေကို အဲဒီ ဗီယက်နမ် ငါးဖမ်း သင်္ဘောက လိုက်လံ နှောင့်ယှက်ခဲ့ရာကနေ တရုတ် သင်္ဘောတွေနဲ့ တိုက်မိပြီး တိမ်းမှောက်သွားတာလို့ တရုတ်အစိုးရ သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

အဲဒီ ဖြစ်ရပ်အတွင်း ထိခိုက် ဒဏ်ရာရသူ မရှိခဲ့ဘဲ ငါးဖမ်းသင်္ဘော ဝန်ထမ်း ၁၀ ဦးစလုံးကိုလည်း ပင်လယ်ပြင်ထဲကနေ ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အငြင်းပွားနေတဲ့ ပင်လယ်ပြင်မှာ တရုတ် အစိုးရက ရေနံတူးစင် တစ်ခု ဆောက်ခဲ့ပြီး အဲဒီ ရေနံတူးစင်ကို ကာကွယ် စောင့်ရှောက်ဖို့ ကင်းလှည့် သင်္ဘောတွေနဲ့ စစ်သင်္ဘောတွေ အစင်း ၈၀ ကျော်လောက်ကို စေလွှတ်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ