တရုတ်ကို ယူအက်စ် ကာကွယ်ရေး ဝန်ကြီး ဝေဖန်

_chuck_hagel ဓာတ်ပုံ မူပိုင် Reuters
Image caption ရှန်ဂရီလာ ဆွေးနွေးပွဲရောက် အမေရိကန် ကာကွယ်ရေး ဝန်ကြီး ချပ်ဂ် ဟေဂယ်

တရုတ်ပြည်မကြီး ရဲ့ ပိုင်နက် တောင်းဆိုမှုတွေ ကြောင့်၊ တောင်တရုတ်ပင်လယ် ဒေသတွင်း မှာ၊ မတည်မငြိမ် ဖြစ်လာရတယ် ဆိုပြီး၊ အမေရိကန် ကာကွယ်ရေး ဝန်ကြီး Chuck Hagel က ပြောကြား လိုက်ပါ တယ်။ စင်္ကာပူနိုင်ငံ မှာ ပြုလုပ်နေတဲ့၊ အမေရိကန်နဲ့ အရှေ့တောင် အာရှ နိုင်ငံတွေ က အစိုးရတွေ ရဲ့ လုံခြုံရေး ဆိုင်ရာ တွေ့ဆုံ စကားပြောပွဲ ဖြစ်တဲ့ ရှန်ဂရီလာ ထိပ်သီး ဆွေးနွေးပွဲ မှာ၊ မစ္စတာ Hagel က၊ အခုလို ပြောကြားလိုက် တာ ဖြစ်ပါတယ်။

တောင်တရုတ်ပင်လယ် မှာ၊ တရုတ်ပြည်ဟာ ဂျပန်၊ ဗီယက်နမ် နဲ့ ဖိလစ်ပိုင် နိုင်ငံတွေနဲ့၊ နယ်မြေပိုင်နက် အငြင်းပွားမှု တွေ၊ ခါးခါးသည်းသည်း ဖြစ်ပေါ်နေပါ တယ်။

တရုတ် ပြည်သူ့ တပ်မတော် ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် Wang Guanzhong ကတော့ ကာကွယ်ရေး ဝန်ကြီး ဟေဂယ် ရဲ့ ပြောဆိုမှုဟာ၊ အခြေအမြစ် မရှိတဲ့အပြင် ဘယ်လို အကြောင်းပြချက်မှ လည်း မပေးနိုင်တဲ့ စွပ်ဆွဲမှု ဖြစ်တယ် လို့ တုန့်ပြန်လိုက်ပါတယ်။

အဲဒီ ရှန်ဂရီလာ အစည်းအဝေးမှာ ပဲ မစ္စတာ ဟေဂယ် က၊ ထိုင်းနိုင်ငံ မှာ ဒီမိုကရေစီ အမြန်ဆုံး ပြန်လည် ထူထောင် ဖို့၊ အာဏာသိမ်း ထိုင်းစစ်တပ် ကို၊ တိုက်တွန်းခဲ့ပါတယ်။

ထိုင်း ဘုရင့် တပ်မတော် အနေနဲ့၊ ထိုင်းနိုင်ငံ အတွင်းမှာ၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်တွေ ကို ပြန်လည် ခွင့်ပြုပြီး၊ ဖမ်းထားသူတွေ ကို ပြန်လည် လွှတ်ပေးကာ၊ ရွေးကောက်ပွဲ က တဆင့် အရပ်သား အစိုးရ ပြန်လည် ထူထောင်ကြပါ လို့ မစ္စတာ ဟေဂယ် က ပြောကြားခဲ့ပါ တယ်။

ထိုင်းနိုင်ငံ မှာတော့၊ စစ် အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဆန္ဒပြ ချီတက်ပွဲ တွေ၊ မနက်ဖြန် တနင်္ဂနွေနေ့ မှာ၊ ပြုလုပ်ကြလိမ့်မယ် ဆိုတဲ့ သတင်းတွေကြောင့်၊ ဘန်ကောက်မြို့ပေါ် က ရပ်ကွက် ၈ ခုနဲ့၊ အနီးအပါး ခရိုင်ဒေသတွေ မှာ၊ ရဲတပ်ဖွဲ့ တွေ နေရာချထားပါ တယ်။