အာဆီယံ ဒေသတွင်းလုံခြုံရေး အတွက် ဂျပန် ဝင်ပါမယ်

  • 31 မေ 2014
abe japan ဓာတ်ပုံ မူပိုင် Reuters
Image caption ဒေသတွင်းလုံခြုံရေး မှာ ဂျပန် ရဲ့ အခန်းကဏ္ဍ ကိုမြှင့်မယ် လို့ ရှင်ဇိုအာဘေး က ပြော

ဂျပန်က အာရှ ဒေသတွင်း လုံခြုံရေး ကိစ္စ တွေမှာ ပိုမို တက်ကြွစွာ ပါဝင် သွားဖို့ ရည်ရွယ်ကြောင်း ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေးက ပြောကြား လိုက်ပါတယ်။

ဒုတိယကမ္ဘာစစ်ရှုံးပြီး ကတည်းက နိုင်ငံရဲ့ အခြေခံဥပဒေထဲမှာ ကို နိုင်ငံတကာ အငြင်းပွားတဲ့ ကိစ္စတွေမှာ ခြိမ်းခြောက်တာမျိုး၊ အင်အားသုံး ဝင်ဖြေရှင်းတာမျိုး မလုပ်ရဘူးလို့ ကန့်သတ်ထားတဲ့ ဂျပန် နိုင်ငံ ရဲ့ အခုလို သဘောထား က ထူးထူး ခြားခြားပဲ အာရှလုံခြုံရေးဆိုင်ရာ ထိပ်သီးညီလာခံ ကနေ ထွက်ပေါ်လာခဲ့ ပါတယ်။

စင်ကာပူမှာ ကျင်းပတဲ့ ဒီညီလာခံက ရှန်ဂရီလာ ဒိုင်ယာလော့ခ် လို့ လည်း ခေါ်ကြပြီး တက်သူတွေထဲမှာ အမေရိကန် နဲ့အရှေ့တောင်အာရှနိုင်ငံတွေ ပါပါတယ်၊ တရုတ် က ကိုယ်စားလှယ်တွေ လည်း အဲဒီ ညီလာခံမှာ ရှိပါတယ်။

တောင်တရုတ် ပင်လယ်ထဲမှာ သူပိုင်ကိုယ်ပိုင် အငြင်းပွားနေကြတဲ့ရေပိုင်နက် နဲ့ ကျွန်းစု ပိုင်ဆိုင်မှုတွေ ၊ တရုတ် နဲ့ ဂျပန်အကြား၊ တရုတ်နဲ့ဗီယက်နမ်၊ ဖိလစ်ပိုင်တို့အကြား စသဖြင့်အငြင်းပွားတာတွေ ဖြစ်နေခဲ့ပြီး တင်းမာမှုတွေ ရှိနေတဲ့ အခုလို ကာလမှာ ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေး ရဲ့ လုံခြုံရေးဆိုင်ရာ သဘောထား ထွက်လာတာပါ။

ညီလာခံ ကိုတက်လာတဲ့ တရုတ် ဒုတိယနိုင်ငံခြားရေး ဝန်ကြီး ဖုယင်း ကတော့ ဂျပန် ရဲ့ လုံခြုံရေး ဆိုင်ရာ ပေါ်လစီ ကို ပြင်မယ့်ခြေလှမ်း က ဒေသတွင်းကို စိုးရိမ်လာစေတယ်၊ တရုတ် ဟာ ဂျပန် ကို ခြိမ်းခြောက်နေပါပြီဆိုတဲ့ ယုံတမ်း ပုံပြင်တပုဒ် ကို ချဲ့ကားနေသလို ဒေသတွင်း တင်းမာမှုကို လည်း ပိုချဲ့ကား ပြောနေတယ် လို့ ဆိုပါတယ်။

သုံးသပ်သူတွေ ကတော့ အာဆီယံ ဒေသတွင်းနိုင်ငံ တွေက တရုတ် နဲ့ စီးပွားရေး ချိတ်ဆက်တာတွေ ရှိနေတာကြောင့် ဂျပန့်ခြေလှမ်း ကို ထောက်ခံ ဖို့ တွန့်နေကြတာတွေရှိသလို တချို့ကလည်း ဂျပန် ပိုပြီး ပါဝင်ပတ်သက်လာတာ ကို ကြိုဆိုကြမယ် လို့ တွက်ဆ ပြောကြပါတယ်။