ယူကရိန်းအရှေ့ဖက်ဒေသ တိုက်ပွဲ ပြင်းထန်ဆဲ

  • 2 ဇွန် 2014
ukrainian_border_lugansk ဓာတ်ပုံ မူပိုင် dpsu.gov.ua
Image caption ယူကရိန်း နယ်ခြားစောင့်တပ်

ယူကရိန်း အရှေ့ဘက် ရှိ ရာဂဏန်း ချီတဲ့ ခွဲထွက်ရေး သမားတွေ ဟာ လူဟန့်စ်မြို့ အနီးက၊ နယ်စပ် ဗဟို ကွပ်ကဲရေး စခန်း ကို တိုက်ခိုက်တဲ့ အခါ မှာ စစ်သွေးကြွ ၅ ယောက် သေဆုံးပြီး၊ ၈ ယောက် ဒဏ်ရာ ရတဲ့ အကြောင်း နယ်စပ် အေဂျင်စီ သတင်း က ပြောပါတယ်။

နယ်ခြားစောင့်တပ် က၊ တပ်ဖွဲ့ဝင် ၇ ယောက် ဒဏ်ရာ ရပါတယ်။ ဒေသခံတွေ ကတော့ တိုက်ပွဲ နဲ့ဝေးရာ ထွက်ပြေးကုန်ပါတယ်။ ဒါကို ကုလသမဂ္ဂ ဆိုင်ရာ ယူကရိန်း သံအမတ်ကြီး ယူရီဆာဂေးယက်ဖ် က အစိုးရ တပ်အနေ နဲ့ ဒေသခံ တွေ မထိခိုက်အောင် တိုက်ခိုက်တဲ့ အကြောင်း ဘီဘီစီ ကို ပြောပါတယ်။ ဗဟို အစိုးရရဲ့ ကွပ်ကဲရေး စစ်ဆင်ရေး ဟာ ပြည်သူတွေ ထိခိုက်မှု မရှိအောင် သတိထားပြီး စစ်ဆင်တာပါ။ ခက်တာက အကြမ်းဖက် သမားတွေ က ဒေသခံ ပြည်သူတွေ ရဲ့ နောက်ကွယ်မှာ ပုန်းအောင်း နေရာယူထားတဲ့ အတွက် သတိထားပြီး တိုက်နေရတာပါ လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် တွေ အတွင်း က လည်း၊ ရုရှလိုလားသူ၊ ခွဲထွက်ရေး သမားတွေ စီးနင်း သိမ်းပိုက် ထားတဲ့ အဆောက်အအုံ ထဲမှာလည်း ပေါက်ကွဲမှု ဖြစ်ပွားတဲ့ အတွက် လူ အသေအပျောက် ရှိခဲ့ ပါတယ်။ ရုရှ လိုလားသူ တွေ ဘက်ကတော့ အထက်ပါ တိုက်ခိုက်မှု တွေ ကို ယူကရိန်း လေတပ် က တိုက်ခိုက်မှု လို့ စွပ်စွဲပါတယ်။

ရုရှ နိုင်ငံခြားရေး ဝန်ကြီး ဆာဂေးလက်ဗရော့ဗ် ကိုယ်တိုင် က၊ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို ယူကရိန်း အစိုးရရဲ့ တိုက်ခိုက်မှု တွေ ကို ချက်ချင်းရပ် ဖို့ မနေ့က မူကြမ်းစာ တစောင် ပြင်ဆင်လိုက်ပါတယ်။ ဒီတင်သွင်းမဲ့ မူကြမ်းစာ ပါ အကြောင်းအရာ ထဲမှာ အကြမ်းဖက်မှု တွေ ချက်ချင်းရပ်ပြီး၊ စစ်မှန်တဲ့ ညှိနှိုင်း ဆွေးနွေးမှု ပြုဖို့၊ ဒါမှ သာ ခိုင်မာတဲ့ အပစ်အခတ် ရပ်ဆဲရေး သဘောတူညီချက် ရနိုင်မယ်၊ နောက်ပြီး ဒေသခံ ပြည်သူတွေ စစ်မက်ဇုံ ကနေ ထွက်ခွာ လိုရင်၊ ထွက်နိုင်မဲ့ လမ်းကြောင်း လည်း အချိန်မဆွဲဘဲ၊ ဖွင့်ပေးဖို့ လိုတဲ့ အကြောင်း ထည့်သွင်း ထားတာကို ပြောတာပါ။

ယူကရိန်း သမ္မတသစ် ပက်ထရို ပိုရိုရှန်ကို ကလည်း အပြစ်မဲ့ ဒေသခံ ပြည်သူတွေ ကို အကြမ်းဖက်သမား သူပုန်တွေ လက်မှာ အသက် မဆုံးရှုံးအောင်၊ အစွမ်းကုန် ကာကွယ်မယ် လို့ ဆိုယင်း၊ အရှေ့ဖက် နယ်စပ် က တိုက်ပွဲတွေ အမြန်ဆုံး အဆုံးသတ်ရေး ဟာလည်း၊ သူ ဦးစားပေး ဆောင်ရွက်မဲ့ အကြောင်း ပြော ပါတယ်။