တီယန်နန်မင် ၂၅ နှစ်ပြည့် အထိမ်းအမှတ်နေ့

dong_shengkun
Image caption တီယန်နန်မင် အရေးအခင်း အကျဉ်းသမား

ကနေ့ ဟာ ဆိုရင် တီယန်နန်မင် ရင်ပြင် အရေးအခင်း ဖြိုခွဲခံ ခဲ့ရတာ ၂၅ နှစ် မြောက် ခဲ့ ပါပြီ။ တရုတ် အစိုးရ ဘက်ကလည်း၊ ဒီ နှစ်ပတ်လည် နေ့ ကို မေ့ပျောက် စေချင်တဲ့ အတွက် ကြိုတင် ကာကွယ်မှု တွေ ပြုထား ပါတယ်။

ဒါကြောင့်မို့ အာဏာပိုင်တွေ ဘက်က နေ ဆန္ဒပြမှု ကို ပိတ်ပင်ထားသလို၊ ဂူဂဲလ် အင်တာနက် စာမျက်နှာ ကိုလည်း ဝင်လို့ မရ အောင်၊ ကန့်သတ်ထားပါတယ်။ ရင်ပြင် ကို လည်း လုံခြုံရေး အပြည့်ချထားပါတယ်။ အစိုးရ အတိုက်အခံတွေ နဲ့ လှုပ်ရှားသူတွေ ကို လည်း သတိပေးတာတွေ၊ ရှာဖွေ စစ်ဆေးတာတွေ၊ ပြုလုပ် သလို၊ တရုတ်နိုင်ငံမှာမွေးပြီး၊ သြစတြေလျ နိုင်ငံသားခံယူထားတဲ့ ပန်းချီဆရာ ကို လည်း ပြီးခဲ့တဲ့ တနင်္လာနေ့ က ဖမ်းထားပါတယ်။

အကြောင်း ကတော့၊ အဆိုပါ ပန်းချီဆရာ ဂေါ်ဝ်ဂျန် ကို Financial Times သတင်းစာ က မေးမြန်းခန်း လုပ်ရာမှာ သူက ဝက်သား စင်းကော နဲ့ တီယန်နန်မင် ရင်ပြင် ပုံစံ ပြုလုပ်ရခြင်း အကြောင်းရင်း ကို မေးတဲ့ ဆောင်းပါး၊ သတင်းစာ မှာ ပါလာလို့ပါ။

လေ့လာသုံးသပ်သူ တွေ ခန့်မှန်းချက် အရတော့၊ ဒီနှစ်ဟာ ခါတိုင်းနှစ် အထိန်းအမှတ် ကျင်းပ ပုံ ထက် တင်းမာမှု ရှိနိုင်တယ် လို့ ဆိုပါတယ်။ လောလောဆယ် စါရင်း အရလည်း ထင်ရှားတဲ့ ပညာရှင်တွေ၊ ရှေ့နေတွေ နဲ့ လှုပ်ရှားသူ ပေါင်း၊ အနည်းဆုံး ၂ဝ ခန့် ကို ထိန်းသိမ်း ထားတဲ့ အကြောင်း အမေရိကန် အခြေစိုက် လူ့အခွင့်အရေး အဖွဲ့ က ပြောပါတယ်။

၁၉၈၉ ခုက ဒီမိုကရေစီ တောင်းဆိုကြတဲ့ တရုတ်ပြည်သူတွေ ကို၊ ဇွန်လ ၄ ရက်နေ့ မှာ အကြမ်းဖက် တိုက်ခိုက်၊ နှိမ်နင်းရာမှာ သေသူ အရေ အတွက် အတိအကျ မသိရပေမဲ့၊ လူပေါင်း ၁၆၀၀ ခန့်ဟာ၊ နှစ်ရှည်ထောင်ဒဏ် တွေ ချမှတ်ခံရပါတယ်။

ဘေဂျင်းမြို့တော် ဆီ ကို ကိုယ်တိုင် သတင်းသွားယူတဲ့ ဘီဘီစီ သတင်းထောက် စီလီယာ ဟက်တင် က၊ နှစ်ရှည်ထောင်ဒဏ်ကျခံပြီး လွတ်မြောက်လာသူ ဒေါင်ရွှန်ကွန်းကို သွားရောက်တွေ့ဆုံရာမှာ၊ သူ့ ရဲ့ အပြောအရ အခုထိ၊ ထောင်ထဲမှာ ကျန်ရစ်ဆဲ စက်ရုံ အလုပ်သမား မီရောင် ဒူရွှန် အကြောင်း သိလာပါတယ်။ မီရောင် ဒူရွှန် ဟာဆိုရင် စိတ်ဓါတ်တွေ ကျပြီး၊ စကား ပြောဆိုခြင်းလည်း မရှိပုံ၊ သူတို့ နှစ်ယောက်က၊ အချုပ်ခန်း တခု ထဲမှာ အတူ နေခဲ့ရတဲ့ အကြောင်း၊ သူ့ အပြစ် က မီးလောင်နေတဲ့ တင့်ကား ကို ချင်းတောင်း ပစ်တင်ပြီး၊ မီးစွဲအောင် လုပ်တာ ကို ပဲ၊ မီးရှို့မှု နဲ့ သေဒဏ် ချပစ်တာ ကို ရှင်းပြပါတယ်။ နောက်မှ ထောင်တသက် ပြောင်းလိုက် လို့၊ အခုဆိုရင် ၂၀၁၈ ခု စက်တင်ဘာလ မှ လွတ်မှာပါ လို့ ရှင်းပြပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့ ကတော့၊ ဟောင်ကောင် မှာ ဒီမိုကရေစီ ထောက်ခံသူပေါင်း ရာဂဏန်း နဲ့ ချီပြီး တီယန်နန်မင် အရေးအခင်း ၂၅ နှစ်ပြည့် အထိမ်းအမှတ် အနေနဲ့ မြို့ထဲမှာ စီတန်း လှည့်လည် ကြပါတယ်။