ရုရှားကို လိုအပ်ရင် ပို ပိတ်ဆို့အရေးယူမယ်လို့ ဂျီ ဆဲဗင်းပြော

  • 5 ဇွန် 2014
ဓာတ်ပုံ မူပိုင် PA
Image caption စက်မှု ထိပ်သီး ၇ နိုင်ငံခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲ

ဘရပ်ဆဲလ်စ်မြို့မှာ တွေ့ဆုံ ဆွေးနွေးနေကြတဲ့ စက်မှု ထိပ်သီး အဖွဲ့ဝင် အနောက်အုပ်စု နိုင်ငံ ခေါင်းဆောင်တွေက တကယ်လို့ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ မတည်မငြိမ် ဖြစ်အောင် ရုရှားနိုင်ငံက ဆက်လုပ်နေမယ် ဆိုရင် ရုရှားအပေါ် နောက်ထပ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ ချမှတ်ဖို့ သူတို့ ပြင်ဆင်နေတယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

စက်မှု ထိပ်သီး ၇ နိုင်ငံက ခေါင်းဆောင်တွေ ပူးတွဲ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ထဲမှာ ရုရှား အစိုးရရဲ့ လုပ်ရပ်တွေဟာ လက်ခံနိုင်ဘွယ် မရှိကြောင်းနဲ့ ရပ်တန်းက ရပ်ဖို့ လိုကြောင်း ဖေါ်ပြထားပါတယ်။

ဂျာမန်ဝန်ကြီးချုပ် အန်ဂဲလာမာခဲက သူတို့အနေနဲ့ ယူကရိန်အရေးကို နည်းလမ်း ၃ ခုနဲ့ ဆက်ပြီး ဆောင်ရွက်သွားမယ်ဆိုတာ အတိလအလင်းပြောပြီးသား ဖြစ်တယ်။ ယူကရိန်းကို စီးပွားရေးကိစ္စတွေမှာ ထောက်ခံပံ့ပိုးမယ်၊ ရုရှားနဲ့ ပြောဆိုဆွေနွေးမယ်၊ ပြောဆိုဆွေးနွေးလို့ ကိစ္စအားလုံးမှာ တိုးတက်မှုမရှိဘူးဆိုရင် ပိတ်ဆို့ အရေးယူမှုတွေ လုပ်မယ့် အလားအလားတွေရှိတယ်၊ ယူကရိန်းမှာ နောက်ထပ် မတည်မငြိမ် အဖြစ်မခံနိုင်ဘူးလို့ ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လက ခရိုင်မီးယားကို ရုရှား နိုင်ငံထဲ သွင်းခဲ့ပြီးတဲ့နောက်ပိုင်း ရုရှားကို စက်မှုထိပ်သီးအဖွဲ့ကနေ ထုတ်ခဲ့တဲ့ နောက် ပထမဆုံးအကြိမ် ဂျီ ဆဲဗင်း လို့ ခေါ်တဲ့ စက်မှုထိပ်သီး ရ နိုင်ငံရဲ့ ထိပ်သီးဆွေးနွေးပွဲကျင်းပတာ ဖြစ်ပါတယ်။

ဒီထီပ်သီးဆွေးနွေးပွဲဟာ မူလအစီအစဉ်အတိုင်းဆိုရင် ရုရှားက ဆိုချီမြို့မှာ ကျင်းပဖို့ ဖြစ်ပါတယ်။ အခု ရုရှား မပါတော့တဲ့အတွက် ဘရပ်ဆဲမှာ ပြောင်းကျင်းပတာပါ။

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ ယူကရိန်း အစိုးရတပ်ဖွဲ့တွေနဲ့ ရုရှားလိုလားတဲ့ ခွဲထွက်ရေး သမား လက်နက်ကိုင်တွေအကြား တိုက်ပွဲတွေ အပြင်းအထန် ဆက်ဖြစ်နေချိန်မှာပဲ အခုလို ပူးတွဲ ကြေညာချက် ထွက်ပေါ်လာတာပါ။

အမေရိကန်သမ္မတ အိုဘားမား က လည်း စောစောပိုင်းက ပိုလန်နိုင်ငံကို ရောက်ခဲ့ချိန်မှာ ယူကရိန်းကို ထောက်ခံပံပိုးမယ်လို့ ဂတိပေးခဲ့ပြီး ယူကရိန်းက ရုရျားတို့ရဲ့ ယုတ်နိမ့်တဲ့ နည်းပရိယာယ်တွေလို့ သူခေါ်တဲ့ လုပ်ရပ်တွေနဲ့ပတ်သက်လို့ ရုရှားတို့ကို သူသတိပေးခဲ့ပါတယ်။

အိုဘားမားဟာ သောကြာနေ့ ပြင်သစ်မှာ လုပ်မယ့် ဒုတိယကမ္ဘာစစ် ပြင်သစ် ကမ်းခြေကို မဟာမိတ်တပ်တွေ စတက်တဲ့ ဒီ ဒေး အနှစ် ၇၀ နှစ်ပတ်လည် အခမ်းအနားကို တက်ရောက်မှာ ဖြစ်ပါတယ်။

ဒီအခန်းအနားကို ရုရှသမ္မတပူတင်လည်းတက်မှာ ဖြစ်ပါတယ်။ နှစ်နိုင်ငံ ခေါင်းဆောင်တွေ တွေ့ဖို့ အစီအစဉ်မရှိပေမယ့် ရုရှသမ္မတပူတင်ကတော့ ပြောဆို ဆွေးနွေးဖို့ အဆင်သင့်ပဲလို့ ပြောခဲ့သလို အဲဒီအခမ်းအနားကို တက်လာမယ့် ယူကရိန်းရဲ့ သမ္မတသစ် မစ္စတာ ပိုရို ရှန်ကိုနဲ့လည်း သူတွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်ပဲလို့ ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ