D Day နှစ်၇ဝ ပြည့်နေ့ နဲ့ သံတမန်ရေးလမ်းစပွင့်

  • 6 ဇွန် 2014
d-day_normandy_leaders ဓာတ်ပုံ မူပိုင် AFP
Image caption သမ္မတ အိုဘားမား

မနေ့ က တခမ်းတနား ကျင်းပတဲ့ ဒီဒေး နှစ် ၇ဝ ပြည့် အခမ်းအနားမှာ၊ သံတမန်ရေး အရ ထူးခြားချက် ကတော့၊ ယူကရိန်း အရေး နဲ့ ပတ်သက်ပြီး အနောက်အုပ်စု ခေါင်းဆောင်တွေ နဲ့ ရုရှား သမ္မတ ပူတင် တို့ ဆက်ဆံရေး တင်းမာ ခဲ့ရာ က၊ မနေ့ က ဆုံဖြစ် ကြပါတယ်။

သမ္မတ အိုဘားမား ကလည်း၊ မစ္စတာ ပူတင် အနေနဲ့ ဒီလို ကြုံတောင့် ကြုံခဲ အခွင့် အရေး ကို လက်မလွှတ်ဘဲ၊ ယူကရိန်း အရေး မှာ ပြေပြေလည်လည် နဲ့ အဖြေရှာ ဖို့ တိုက်တွန်းလိုက် ပါတယ်။ ဂျာမန် ဝန်ကြီးချုပ် အင်ဂလာ မာကဲလ် ကိုယ် တိုင် က လည်း၊ ရုရှ အနေနဲ့ ကိုယ်ယူရမဲ့ ကြီးမားတဲ့ တာဝန် ကို ကိုင်တွယ်ဖို့ ဟာ အရေးကြီးတဲ့ အကြောင်း၊ ဂျီ ဆဲဗင်း ထိပ်သီး ညီလာခံ က ချမှတ်တဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှု ဟာ၊ ရုရှ ဘက် က ရှေ့သွားရမဲ့ ခရီး မှာ၊ လိမ္မာ ပါးနပ်မှု မရှိရင်၊ စီးပွားရေး အပိုင်းမှာ သက်ရောက်မှု တွေ ရှိနိုင်တဲ့ အကြောင်း ပြောပါတယ်။

မည်သို့ ဆိုစေ၊ နောက်ဆုံးမှာ တော့ သမ္မတ ပူတင် ဟာ၊ ယူကရိန်း သမ္မတသစ် ပက်ထရို ပိုရိုရှန်ကို နဲ့ တွေ့ဆုံ စကားပြောဖြစ် လို့၊ မစ္စတာ ပိုရိုရှန်ကို ၊ကို ယူကရိန်း သမ္မတ အနေနဲ့ အသိအမှတ် ပြုလိုက် ရပါတယ်။ သူတို့ နှစ်ယောက် တွေ့ဆုံ နှုတ်ဆက် ဖို့ လည်း၊ အင်ဂလာ မာကဲလ် ကပဲ၊ အခင်းအကျင်း ဖန်တီး လိုက်တာပါ။ နှစ်ဦးသား လက်ဆွဲ နှုတ်ဆက်ချိန်မှာ၊ ခပ်တန်းတန်း နဲ့ တင်းမာတဲ့ အရိပ် ထိုးနေပေမဲ့၊ ၁၅ မိနစ် ခန့် စကား ပြောဖြစ်ကြပါတယ်။ သူတို့ နှစ်ဦး ပြောဖြစ်တဲ့ အကြောင်း အရာ ကတော့၊ ယူကရိန်း အစိုးရ တပ်ဖွဲ့ တွေ နဲ့ ရုရှား လိုလားသူ အုပ်စု အကြား၊ တိုက်ခိုက်မှု တွေ ချက်ချင်း ရပ်ဖို့ ပြောဖြစ်တဲ့ အကြောင်း ပြင်သစ် အရာရှိ တွေ က ပြောပါတယ်။

သမ္မတ ပူတင် နောက်ထပ် ပြောတဲ့ အထဲမှာတော့၊ အခု ဒီ အခမ်းအနားမှာ ဗြိတိသျှ ဝန်ကြီးချုပ်၊ ပြင်သစ် သမ္မတ၊ ဂျာမန် ဝန်ကြီးချုပ်၊ ယူကရိန်း သမ္မတ တို့ လည်း ရှိတဲ့ အတွက်၊ ယူကရိန်း အနေ နဲ့ ဥရောပ သမဂ္ဂ နဲ့ ပူးပေါင်းရေး အစီအစဉ်၊ ကုန်သွယ်ရေး စာချုပ် ချုပ်ဆိုရင်၊ ရုရှ ဘက် ကလည်း မိမိတို့ အကျိုးစီးပွား၊ ရုရှ စျေးကွက် ကို ကာကွယ်ရေး အတွက်၊ အရေးယူဆောင်ရွက်မှု ပြုရမှာပဲ လို့ သတိပေး စကား ပြောလိုက်ပါတယ်။

ဒီဒေးနှစ် ၇ဝ ပြည့် တဲ့ နေ့ဟာ၊ နော်မန်ဒီ ကမ်းခြေကို ဥရောပ နဲ့ အမေရိကန် မဟာမိတ် တွေ ရဲ့ စုပေါင်းတပ်ဖွဲ့ ချီတက် ပြီး၊ နာဇီ ဂျာမန် ကို တွန်းလှန်ခဲ့ တဲ့၊ ကမ္ဘာ့ သမိုင်းဝင်နေ့၊ စစ်ငြိမ်းစေရေး အစပြုတဲ့ နေ့ အဖြစ်၊ တခမ်းတနား ကျင်းပသလို၊ ဆက်ဆံမှု တင်းမာနေတဲ့ ရုရှ နဲ့ အနောက်အုပ်စု ကို မျက်နှာချင်းဆိုင် တွေ့ဖြစ်ကြအောင်၊ ဖန်တီးပေးသလို ဖြစ်တဲ့ အကြောင်း ဘီဘီစီ သံတမန် ရေးရာ သတင်းထောက် က ကောက်ချက်ချပါတယ်။