ပြင်သစ်နဲ့ ဗြိတိန်ခေါင်းဆောင်တွေ သမ္မတပူတင်နဲ့ တွေ့

  • 6 ဇွန် 2014
ဓာတ်ပုံ မူပိုင် Getty
Image caption ပြင်သစ်ကိုရောက်နေတဲ့ ရုရှားသမ္မတပူတင်

ခရိုင်းမီးယားကို ရုရှား ဖက်ဒရေးရှင်းထဲ ထည့်သွင်းခဲ့ပြီးနောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ်၊ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေဟာ ရုရှား သမ္မတ ပူတင်နဲ့ ပထမဆုံး အကြိမ် မျက်နှာချင်းဆိုင် လူချင်း တွေ့ဆုံခဲ့ပါတယ်။

ဗြိတိသျှ ဝန်ကြီးချူပ် ဒေးဗစ်ကင်မရွန်းက ယူကရိန်း အရေးနဲ့ ပတ်သက်ပြီး ရုရှားရဲ့ ရန်လိုမှု ရပ်တန့်ရမယ်လို့ မစ္စတာ ပူတင်ကို ပြတ်သားရှင်းလင်းစွာ ပြောခဲ့တယ်လို့ ဆိုပါတယ်။

သူတို့ ၂ ဦး စလုံးဟာ၊ အနှစ် ၇၀ မြောက် ဒီဒေးနေ့ ကမ်းတပ်ပွဲ၊ အခမ်းအနားကို တက်ရောက်ဖို့၊ ပြင်သစ်နိုင်ငံကို ရောက်ရှိနေကြတာ ဖြစ်ပါတယ်။

ဒီမတိုင်ခင် စက်မှုထိပ်သီး ၇ နိုင်ငံဆွေးနွေးပွဲအပြီး အမေရိကန်သမ္မတ အိုဘားမားက သတင်းထောက်တွေနဲ့ တွေ့ရာမှာ ရုရှအစိုးရအနေနဲ့ ယူကရိန်းအစိုးရသစ်နဲ့ ပြောဆိုဆွေးနွေးနိုင်မယ့် အခွင့်အလမ်းကို အမိအရ ရယူဖို့ တိုက်တွန်းပြောကြားလိုက်ပါတယ်။

ယူကရိန်းသမ္မတ သစ် ပိုရိုရှန်ကိုဟာ ယူကရိန်းအရှေ့ပိုင်းက ခွဲထွက်ရေးသမားတွေနဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့၊ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ ဆုံဖြတ်ထားတယ်ဆိုတာကို ပြသခဲ့ပြီး ဒါကို လစ်လျူမရှုသင့်ဘူးလို့ သမ္မတ အိုဘားမားက ပြောခဲ့ပါတယ်။

မစ္စတာ ပူတင်နဲ့ ညစာ အတူစားခဲ့တဲ့ ပြင်သစ် သမ္မတ Francois Hollande ကလည်း၊ သမ္မတပူတင်ကို ဗြိတိသျှ ဝန်ကြီးချူပ် လိုပဲ ပြောကြာခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန် သမ္မတ အိုဘားမားနဲ့ ရုရှား သမ္မတ ပူတင်တို့ ၂ ဦး အတူတွေ့ဆုံဖို့၊ သဘောမတူခဲ့တာကြောင့်၊ ပြင်သစ်သမ္မတ အိုလော်န့်ဟာ သမ္မတ အိုဘားမားနဲ့လည်း စောစောပိုင်းက သီးသန့် ညစာ၊ စားခဲ့ရပါသေးတယ်။

သောကြာနေ့မှာ မစ္စတာ ပူတင်ဟာ ဒီဒေး အခမ်းအနားကို တက်ရောက်မှာ ဖြစ်ပြီး ယူကရိန်းသမ္မတသစ် Petro Poroshenko လည်း၊ အဲဒီအခန်းအနားကို တက်မှာဖြစ်ပေမယ့် သမ္မတပူတင်က သူ့ကို တွေ့မတွေ့ အသေအချာ မသိရသေးပါဘူး။

သမ္မတ အိုဘားမားနဲ့ မစ္စတာပူတင်တို့ တွေ့ဖို့အစီအစဉ်မရှိပေမယ့် အမေရိကန်နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး တို့ ၂ဦးကတော့ ပြင်သစ်မှာဘဲ တွေ့ခဲ့ကြပါတယ်။

ယူကရိန်းကို အရှေ့နဲ့ အနောက်အုပ်စု ၂ ခုကြား နယ်ရုပ် တခု မဖြစ်စေလိုဘဲ ရုရှားနဲ့ ဥရောပကို ပေါင်းကူးပေးတဲ့ တံတားတခုဘဲ ဖြစ်စေချင်တယ်လို့ အမေရိကန်နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး တို့ ၂ဦးစလုံးက ပြောခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ