ယူကရိန်းသမ္မတ လွတ်ငြိမ်းခွင့်ကမ်းလှမ်း

  • 8 ဇွန် 2014
poroshenko_ ဓာတ်ပုံ မူပိုင် Reuters
Image caption ယူကရိန်း သမ္မတသစ် ကျမ်းသစ္စာ ကျိန်ဆို

တနင်္ဂနွေနေ့က၊ ယူကရိန်း သမ္မတသစ် အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့တဲ့ Petro Poroshenko က၊ အရှေ့ပိုင်းဒေသ က ခွဲထွက်ရေးဝါဒီတွေ နဲ့ တွေ့ဆုံ စကားပြောပွဲ တွေလုပ်ဖို့ တောင်းဆိုလိုက်ပါ တယ်။ ကီးယက်ဗ် မြို့တော်မှာ ပြုလုပ်ခဲ့တဲ့၊ ကျမ်းသစ္စာ ကျိန်ဆိုပွဲ အပြီး၊ ယူကရိန်း ကြုံတွေ့နေရ တဲ့ အကြပ်အတည်း ပြဿနာတွေ ကို ကျော်လွှားဖို့၊ မစ္စတာ ပိုရိုရှင်ကို အနေနဲ့၊ သူလုပ်ဆောင်မယ့် ရှေ့လုပ်ငန်းစဉ်တွေ ကို ထုတ်ဖော် ပြောဆိုခဲ့ပါ တယ်။

ဒီလို ပြောဆိုရာမှာ၊ လက်မှာ သွေးမစွန်းသေးသူတိုင်း အပေါ်၊ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် သူ့ဘက်က ပေးနိုင်တယ် ဆိုတာ ပါဝင်ပါတယ်။

ဒါပေမယ့်၊ ယူကရိန်း အနေနဲ့၊ ခရိုင်းမီးယား ကျွန်းဆွယ်ကို လုံးဝ လက်လွှတ်ဆုံးရှုံးခံမှာ မဟုတ်ဘူးဆိုပြီး ပြောဆိုခဲ့သလိုပဲ၊ ယူကရိန်းဟာ ဥရောပနဲ့ ပိုမိုနီးကပ် တဲ့ ဆက်ဆံရေး ထူထောင်ဖို့ ကြိုးစားသွားမယ် ဆိုပြီးတော့လည်း ပြောခဲ့ပါတယ်။

ယူကရိန်း အရှေ့ဘက်ခြမ်းက ခွဲထွက်ရေး ခေါင်းဆောင်တွေက၊ မစ္စတာ ပိုရိုရှင်ကို ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် ကမ်းလှမ်းမှု ကို ငြင်းပယ်ကြောင်း တုန့်ပြန် လိုက်ကြပေမယ့်၊ သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို တက်ရောက်ခဲ့ တဲ့၊ ယူကရိန်း နိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကြီးက တော့၊ မစ္စတာ ပိုရိုရှင်ကို ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဟာ အလုပ်ဖြစ်ဖို့ အလားလာရှိတယ် ဆိုပြီး မှတ်ချက် ချခဲ့ပါတယ်။

ယူကရိန်းရဲ့ ငြိမ်းချမ်းရေး အလားအလာနဲ့ ပတ်သက်ပြီးတော့၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ပြင်သစ်နိုင်ငံမှာ ရှိနေစဉ်၊ လာမယ့် ရက်အနည်းငယ် အတွင်းမှာပဲ၊ တင်းအားတွေ လျော့ကျသွားစေမယ့် ခြေလှမ်းတွေ မြင်လာရဖို့ မျှော်လင့်ထားပြီး၊ အပစ်အခတ် ရပ်စဲကြဖို့နဲ့၊ ခွဲထွက်ရေး ဝါဒီတွေ လက်နက်အားမကိုး ဖို့ ရုရှားက ကူညီက ကူညီ ဖြောင့်ဖြပေးမယ့် အလားအလာတွေ ကို တွေ့ချင်ပါတယ် ဆိုပြီး ပြောခဲ့ပါတယ်။

ဒီအချိန်မှာပဲ၊ ယူကရိန်း အရှေ့ပိုင်း မှာ Donetsk ပြည်သူ့ သမ္မတနိုင်ငံ ဆိုပြီး၊ မိမိတို့ဘာသာ ကြေငြာထားတဲ့၊ ခွဲထွက်ရေး အဖွဲ့ရဲ့ ခေါင်းဆောင် Denis Pushilin ရဲ့ လက်ထောက်ဖြစ်သူ၊ Maksim Petrukhin ဟာ၊ Donetsk မြိုလည်ခေါင်မှာ ပဲ သေနတ်နဲ့ ပစ်သတ် ခံခဲ့ရပါတယ်။

ဒါဟာ နိုင်ငံရေး လုပ်ကြံမှုဖြစ်ပြီး၊ မိမိကို ရည်ရွယ် လုပ်ကြံတာ ဖြစ်နိုင်ကြောင်း မစ္စတာ Pushilin က ပြောဆိုလိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ