ဆီးရီးယားသမ္မတ ရဲ့ လွတ်ငြိမ်း ချမ်းသာခွင့်

  • 9 ဇွန် 2014
assad_304x171_ ဓာတ်ပုံ မူပိုင် AP
Image caption ဆီးရီးယား သမ္မတ ဘာရှား အယ်လ် အာဆတ်

ဆီးရီးယားသမ္မတ ဘာရှားအယ်လ်အာဆတ် ဟာ သမ္မတ သက်တမ်း သုံး ကြိမ်မြောက် တာဝန်ယူနိုင်ရေး အတွက် ရွေးကောက်ပွဲ မှာ အနိုင်ရခဲ့တာ တပတ် တောင် မရှိသေးပါဘူး၊ ပြစ်မှု မျိုးစုံ ကျူးလွန် ထားသူတွေ ကို၊ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ် လို့ ကြေညာ လိုက်ပါတယ်။

အလားတူ ကြေညာချက် ကို ထုတ်ပြန် ခဲ့တာလည်း ဆီးရီးယား ပြည်တွင်းစစ်၊ လွန်ခဲ့တဲ့ ၃ နှစ် က ဖြစ်ပွားခဲ့ ချိန် က စလို့၊ ဒီတကြိမ်နဲ့ ပါ ဆိုရင် အနည်းဆုံး ၅ ကြိမ် ရှိနေပါပြီ။ ဒါပေမဲ့ အကျဉ်းသား အားလုံး ကိုတော့ လွှတ်ပေး မယ် လို့ မထင်တဲ့ အကြောင်း ဘေရွတ် မှ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲ မှာ လို သမ္မတ အာဆတ် က သူ အနိုင် ရမယ် ဆိုတာကို ကျိန်းသေ တွက်ထားသလို၊ အခုလည်း ဘဲ အကျဉ်းသားတွေ လွှတ်ပေးမယ် ဆိုတာဟာ သူ့ကိုယ်သူ အခိုင်အမာ ယုံကြည်မှု အပြည့် ရှိနေတဲ့ အကြောင်း၊ နိုင်ငံ့ အာဏာ ကို လည်း အပိုင်ကိုင်ထားနိုင်ပြီ၊ အနောက်အုပ်စု နဲ့ အတိုက် အခံ အင်အားစု တွေ အပေါ်မှာလည်း အသာစီး ရယူပြလိုက်တဲ့ အကြောင်း တွေ ရှင်းပြပါတယ်။ ဒါပေမဲ့ ထောင်တံခါး တွေ အားလုံး ဖွင့်ပေးမယ် လို့ တော့ မသတ်မှတ် နိုင်သေးပါဘူး လို့ ဘီဘီစီ သတင်းထောက် က သုံးသပ် ပြပါတယ်။

အကြောင်းကတော့ အကျဉ်းသား ဦးရေ ကလည်း နှစ်သောင်း နီးပါး ရှိနေတဲ့ အနက်၊ ပြန်ပေးသမားတွေ၊ ခိုးဆိုးလုယက်သူတွေ၊ နိုင်ငံရပ်ခြား ကနေ ရောက်လာပြီး သူပုန် အဖွဲ့နဲ့ ပူးပေါင်း တိုက်ခိုက် သူ တွေ လည်း၊ ထောင်ထဲ မှာ ရှိနေလို့ ဖြစ်ပါတယ်။

အမြင့်ဆုံး အပြစ် ဒဏ် အရ လည်း၊ အလုပ်ကြမ်း နဲ့ ထောင် တသက် ချမှု လည်း ရှိပါတယ်။ နောက် တချက် ကလည်း ၊ ဆီးရီးယား အရေး လှုပ်ရှားသူတွေ အပြော အရ ၊ အကျဉ်းထောင်ရယ် မဟုတ်ဘဲ၊ ထောက်လှမ်းရေး အဖွဲ့ တွေ က၊ သူတို့ ရဲ့ စစ်ဆေးရေး စခန်းတွေ မှာ လူသိမခံဘဲ၊ ထိန်းသိမ်း ဖမ်းဆီးထားတာတွေ လည်း အများ အပြား ရှိသေးကြောင်း ပြောပြ ကြပါတယ်။