ကမ္ဘာ့ဖလားအတွက် အဆင်သင့်ပဲလို့ ဘရာဇီး ဆို

  • 11 ဇွန် 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ဘရာဇီးသမ္မတ ရူးဆက်ဖ် ရုပ်သံကတဆင့် မိန့်ခွန်းပြောစဉ်။

မနက်ဖြန် စတင်တော့မယ့် ကမ္ဘာ့ဖလား ဘောလုံးပွဲအတွက် ကွင်းတွင်း ကွင်းပြင် အခြေအနေ အားလုံးကို ထိန်းချူပ် နိုင်ပြီး ဘရာဇီးလ် အနေနဲ့ အိမ်ရှင် အဖြစ် အဆင်သင့် ဖြစ်နေကြောင်း သမ္မတ ဂျီးလ်မား ရူးဆက်ဖ်က ပြောကြားလိုက်ပါတယ်။

ရုပ်မြင်သံကြားကနေ တဆင့် သူက ပြောကြားခဲ့ရာမှာ ကမ္ဘာ့ဖလား ဘောလုံးပွဲ အတွက် ကုန်ကျမှုဟာ တိုင်းပြည်အတွက် ရေရှည် ရင်းနှီး မြှုပ်နှံမှု ဖြစ်တယ်လို့လည်း ပြောကြားသွားပါတယ်။

အခုပဲ စတင်တော့မှာ ဖြစ်တဲ့ ပြိုင်ပွဲကြီးနဲ့ ပတ်သက်လို့ ဘရာဇီးလ် ပြည်သူတွေရဲ့ စိတ်ပိုင်းဖြတ်ထားမှု၊ တစိုက်မတ်မတ် လုပ်ကိုင်ခဲ့တဲ့ အလုပ်ပမာဏ စွမ်းရည်တွေဟာ အဆိုး မြင်နေကြသူတွေ အပေါ် အောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ် လို့ သမ္မတ မစ် ရူးဆက်ဖ်က ပြောသွားပါတယ်။

အခု ဘရာဇီးလ်မှာ ကျင်းပမယ့် ကမ္ဘာ့ဖလားဟာ ကျင်းပခဲ့ကြသမျှ ပြိုင်ပွဲတွေထဲမှာ အကုန်အကျ အများဆုံး ဖြစ်သလို လူမှုဖူလုံရေး ကိစ္စတွေမှာ အသုံးမပြုဘဲ ဒီပြိုင်ပွဲပေါ်မှာ မြှုပ်နှံခဲ့တဲ့ အတွက် လူတွေရဲ့ ဆန္ဒပြမှုတွေ ဆက်တိုက် ဆိုသလို ဖြစ်ပေါ်နေခဲ့ပါတယ်။

ဖွင့်ပွဲပြုလုပ်မယ့် ဆော်ပေါ်လို Sao Paulo မြို့က ကွင်းထဲမှာလည်း လုပ်လက်စတွေ အပြီးမသတ်နိုင် ဖြစ်နေသလို အဲဒီမြို့က မြေအောက်ရထား လုပ်သားတွေကလည်း သူတို့ရဲ့ ဆန္ဒပြမှုတွေကို ပြန်လည် စတင်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ