အီရတ်မှာ နောက်တမြို့ စစ်သွေးကြွ သိမ်းခံရ

  • 11 ဇွန် 2014
iraq ဓာတ်ပုံ မူပိုင် AFP
Image caption တစ်ကရစ်ကို ISIS စစ်သွေးကြွတွေ သိမ်းပိုက်

အီရတ်က လာတဲ့ သတင်းတွေ အရ အစ္စလာမ္မစ် စစ်သွေးကြွ တွေက ၂ ရက် အတွင်း နောက်ထပ် တမြို့ကို သိမ်းယူ လိုက်ပြီလို့ ဆိုပါတယ်။

တနေကုန် ဒလကြမ်း စစ်ဆင်လာတဲ့ ISIS သူပုန်တွေဟာ ဆက်ဒမ် ဟူစိန်ရဲ့ ဇာတိ တစ်ကရစ်မြို့ ကို အခုအခံ မရှိ သိမ်းပိုက် နိုင်ခဲ့တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

စစ်သွေးကြွတွေရဲ့ ဘဂ္ဂဒက် ကို စစ်ဆင်ရေးကို လမ်းမှာ ပိတ်ဆို့ နိုင်လိမ့်မယ်လို့ နောက်ဆုံး သတင်းတွေ အရလဲ သိရပါတယ်။

အီရတ် တောင်ပိုင်းက Samarra မြို့စွန်မှာလဲ သူပုန် တွေကို တားဆီး နိုင်ခဲ့တယ်လို့ သိရပေမယ့် လုံးဝ စိတ်ချ ရတဲ့ အခြေအနေ တော့ မဟုတ်ပါဘူး။

ဒီမြို့နဲ့ ဘဂ္ဂဒက် မြို့တော်က မော်တော်ကားနဲ့ ၂ နာရီ လောက်ပဲ မောင်းရပါတယ်။

တနင်္လာ နေ့ကပဲ အီရတ် မြောက်ပိုင်းက အရေးပါတဲ့ မိုဆူးလ် မြို့ကြီး ကို ISIS အစွန်းရောက် လက်နက်ကိုင် တွေ သိမ်းပိုက် ခဲ့ပြီး လူ ၅ သိန်းလောက် ထွက်ပြေး ခဲ့ရ ပါတယ်။

တူရကီ သတိပေး

Image caption မိုဆူးလ်က မြေစာပင် ပြည်သူတွေ

အီရတ် နိုင်ငံ မိုဆူးလ်မှာ ဖမ်းဆီး ခံနေရတဲ့ တူရကီ နိုင်ငံသား တွေကို အန္တရာယ် ပြုခဲ့ရင် ပြင်းပြင်းထန်ထန် တုံ့ပြန် ဆောင်ရွက်သွားရမယ်လို့ တူရကီ အစိုးရက ပြောကြား လိုက်ပါတယ်။

တူရကီ ကို လာစမ်းဖို့ မကြိုးစားနဲ့လို့ တူရကီ နိုင်ငံခြားရေး ဝန်ကြီး က သတိပေး လိုက်ပါတယ်။

ISIS အစွန်းရောက် တပ်က တူရကီ ကောင်စစ်ဝန်ရုံးကို စီးထားပြီး အနည်းဆုံး ၄၈ ယောက်လောက် ဖမ်းထားတယ်လို့ သတင်း ရရှိ ပါတယ်။

ISIS တွေကို ချေမှုန်းဖို့ အီရတ်ကို ကူဖို့ အသင့် ရှိတယ်လို့လဲ အမေရိကန် က ပြောကြား လိုက်ပါတယ်။

ဂျီဟတ် စစ်သွေးကြွ တွေ အရေး နိုင်ငံတကာ က ဝိုင်းဝန်း ဖြေရှင်းကြဖို့ ရှီအာ မွတ်ဆလင်တွေ ကြီးစိုးတဲ့ အီရတ် အစိုးရနဲ့ နီးစပ်တဲ့ အီရန်ကလဲ တောင်းဆို ခဲ့ပါတယ်။

ISIS တပ် တွေက ဆီးရီးယားက သမ္မတ အာဆတ် အစိုးရ ပြုတ်ကျအောင် တိုက်ခိုက် နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ