ကမ္ဘာ့ဖလားဘောလုံးပွဲ ဘရာဇီးမှာ ဒီနေ့စမယ်

  • 12 ဇွန် 2014
ဓာတ်ပုံ မူပိုင် Getty
Image caption နာမည်ကြီးနေတဲ့ နေမာနဲ့ ဘရာဇီးအသင်း

ဒီကနေ့ဆိုရင် တမ္ဘာဘာလုံးက ဘောလုံးဝါသနာအိုးတွေရော ဘောလုံးဝါသနာမပါသူတွေပါ စိတ်ဝင်တစားစောင့်ကြည့်ကြမယ့် ၂၀၁၄ ကမ္ဘာ့ဘောလုံးပြိုင်ပွဲကြီးကို ဘရာဇီးနိုင်ငံ ဆောပိုလိုမြို့မှာ ဖွင့်ပွဲအခမ်အနားနဲ့ စတင်တော့မှာ ဖြစ်ပြီး၊ ဒီနောက်မှာ အိမ်ရှင် ဘရာဇီးနဲ့ ခရိုရေးရှားတို့ ဒေသအချိန် ညနေ ၂ နာရီမှာ ကစားကြမှာ ဖြစ်ပါတယ်။

၄နှစ်တကြိမ်ကျင်းပတဲ့ ကမ္ဘာဖလားဘောလုံးပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပဖို့ ပြင်ဆင် ဆောက်လုပ်ရတဲ့ စရိတ်တွေနဲ့ပတ်သက်ပြီး ဘရာဇီးမှာ လမ်းပေါ်ထွက် ကန့်ကွက် ဆန္ဒပြမှုတွေရှိခဲ့ရာက အခုတော့ လူအများရဲ့အာရုံက ဘောလုံးပွဲဆီ ရောက်သွားကြပါပြီ။

ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ၁၉ ကြိမ်မှာ ဘရာဇီးအသင်းက ၅ ကြိမ် ဗိုလ်စွဲခဲ့ပြီး ၁၉၅၀ အိမ်ရှင်အဖြစ် လက်ခံကျင်းပစဉ်က ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

ဒါကြောင့် အခုတကြိမ် အိမ်ရှင်ပြန်ဖြစ်ချိန်မှာ အနိုင်ရဗိုလ်စွဲမယ်လို့ ပြည်သူအများက မျှော်လင့်ထားကြတာကြောင့် ဘရာဇီးအသင်း အဖို့ ဒီမျှော်လင့်ချက်ကို ဒီကနေ့စလို့ အကောင်အထည်ဖေါ်ရမယ့်တာဝန်ရှိနေပါတယ်။

အထူးသဖြင့် ဒီတာဝန်ကို ပိန်ပိန်သေးသေး ပုခုံးလေးနဲ့ ထမ်းနေရသူတဦးကတော့ အသက် ၂၂ ပဲရှိသေးတဲ့ ဘရာဇီးရဲ့ ဘောလုံးမင်းသားလေး နေမာပါ။

ဘရာဇီးရဲ့နာမည်ကျော်ဘောလုံးသမားပီလီက ဒီပွဲမှာ နေမာကို စတားဖြစ်စေချင်ပါတယ်လို့ ပြောခဲ့ပါတယ်။

လက်ရှိ ဘာစီလိုနားမှာကစားနေတဲ့ နေမာဟာ သူရဲ့ ကစားကွက်၊ ဂိုးသွင်းနိုင်မှုတွေကြောင့် နဲ့ ၂၀၁၃ ကွန်ဖက်ဒရေးရှင်ကပ် ဖိုင်နယ်မှာ ကမ္ဘာ့ဖလား ပိုင်ရှင် စပိန်ကို ဘရာဇီးက ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရဗိုလ်စွဲအောင် ခြေစွမ်းပြနိုင်ခဲ့တာတွေကြောင့် နာမည်ကျော် လူကြိုက်များ လာခဲ့တာဖြစ်ပါတယ်။

ဒီနေ့ ခရိုရေးရှနဲ့ပွဲမှာ သူဘယ်လို ခြေစွမ်းပြမလဲဆိုတာကို လူတိုင်းက မျှော်လင့်တစားစောင့်ကြည့်ကြမှာကတော့ အသေအချာပါဘဲ။

ဘရာဇီးဟာ မက္ကဆီကို ကင်မရွန်းတို့နဲ့လည်း ကစားရမှာ ဖြစ်ပါတယ်။ အသင်းပေါင်း ၃၂ သင်း ၄သင်းတအုပ်စုနဲ့ ၈အုပ်စုခွဲကစားကြရမှာပါ။ ဖိုင်နယ်ပွဲကို ဂျူလိုင် ၁၃ရက် ရီယိုက မာရာကာနာ ကစားကွင်းမှာကစားကြမှာဖြစ်ပါတယ်။

လောလောဆယ် ဘရာဇီးနဲ့အတူ စပိန် အာဂျင်တီးနား ဂျာမဏီတို့ ဗိုလ်စွဲတိုင်တယ်လို့ တစ်ပေးနေကြပါတယ်။ ဒါပေမယ့် အကြားအမြင်ရ တယ်ဆိုတဲ့ ဘစ်ဟက် ခေါင်းကြီးလို့ နာမည်ပေးထားတဲ့ လိပ်ကြီးတကောင်ကတော့ ဒီနေ့ပွဲမှာ ဘရာဇီးနိုင်မယ်လို့ အဟောထုတ်ထားပါတယ်။