အီရတ်အရေးမှာ အီရန် ကူညီမယ်

  • 14 ဇွန် 2014
Image caption အမေရိကန်နဲ့ ပူးပေါင်း ပြီး အီရတ်ကို ကူမယ်လို့ ရိုဟာနီက ဆို

ရှီယာ မူဆလင်တွေ လွှမ်းမိုးတဲ့ သမ္မတ နိုရီ အယ်လ်မာလီကီ ရဲ့ အီရတ် အစိုးရဟာ အီရန်နဲ့ နီးကပ်တဲ့ ဆက်ဆံရေး ရှိပြီး အရေးပါတဲ့ မဟာမိတ် လည်း ဖြစ်ပါတယ်။

အီရတ်မှာ အီရန် လိုလားတဲ့ အစိုးရ တရပ် ပေါ်ပေါက် လာဖို့ အီရန် နိုင်ငံက လွန်ခဲ့တဲ့ ၁၀ နှစ်လောက် ကတည်းက မျှော်လင့် ကြိုးစား နေခဲ့တာပါ။

ဒါကြောင့် အီရတ်အစိုးရ အတွက် အခက်အခဲ ကြုံရပြီ ဆိုရင် အီရန်ရဲ့ မျှော်လင့် ကြိုးပမ်းချက်တွေ အချည်းအနှီး ဖြစ်သွား နိုင်ပါတယ်။

အီရတ်မှာ လူနည်းစု ဖြစ်တဲ့ ဆွန်နီ မူဆလင် တွေဟာ ၂၀၀၃ ခုနှစ် အထိ အီရတ် အစိုးရ အဖွဲ့ထဲမှာ လွှမ်းမိုး ထားနိုင်ခဲ့ ပြီး ခုတော့ သမ္မတ မာလီကီ အစိုးရဟာ သူတို့ လူနည်းစု တွေကို ဖိနှိပ်တယ်လို့ စွပ်စွဲ နေတာပါ။

အီရတ် နိုင်ငံက အကူညီ တောင်းလာမယ် ဆိုရင် ပေးဖို့ အသင့်ဘဲလို့ အီရန်သမ္မ တရိုဟာနီက စနေနေ့မှာ ပြောခဲ့ပြီး ခုချိန် အထိတော့ အကူညီ တောင်းလာတာ မရှိသေးဘူး လို့လည်း ဆို ပါတယ်။

ဒါပေမယ့် အီရတ်ကို တိုက်ခိုက်ရေး တပ်တွေ စေလွှတ်မှာ မျိုးတော့ မဟုတ်သေး ပါဘူး။

ဒီကြားထဲမှာဘဲ အခု အချိန်မှာ အီရတ်ရဲ့ ထိပ်တန်း စစ်ဖက် အရာရှိကြီး ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ကာဆန် ဆူလေမာနီ ဟာ အီရတ် နိုင်ငံကို ရောက်ရှိ နေတယ်လို့ ယုံကြည်ရ လောက်တဲ့ သတင်းတွေ ရရှိထား ပါတယ်။

သူဟာ ဘဂ္ဂဒက် မြို့တော်နဲ့ မြောက်ပိုင်းက ဘာသာရေး မြို့တော် ဆမားရား ကို ကာကွယ်ဖို့ အကူညီ ပေးနေတယ်လို့ ယူဆရ ပါတယ်။

ဒါ့အပြင် အီရတ်မှာ ရှိနေတဲ့ အီရန်အပေါ် သစ္စာခံ တဲ့ ရှီယာ လက်နက်ကိုင် အုပ်စုတွေ ကိုလည်း စုစည်း ပေးနေပုံ ရပါတယ်။

အီရန်နဲ့ နယ်စပ်မြို့ ဖြစ်တဲ့ ဒီယာလာ က လာတဲ့သတင်း တွေ အရ အီရန် တော်လှန်ရေး အစောင့်တပ်က စစ်ရေး အကြံပေး ၁၃၀ အီရတ် ဖက်ကို ဝင်ရောက်လာ ခဲ့ပြီး နယ်စပ် မှာလည်း တပ်မနှစ်ခုကို အသင့်ပြင် ထားတယ်လို့ ဆိုပါတယ်။

အီရတ်ဟာ သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်း ရှိပါတယ်လို့ အီရန် သမ္မတ ရိုဟာနီက ပြောခဲ့ပေမယ့် သူ့အခေါ်အရ အကြမ်းဖက်သမား တွေကို တိုက်ဖျက်ဖို့ အမေရိကန်နဲ့ ပူးပေါင်းဆောင် ရွက်ဖို့ ဆန္ဒရှိတယ် လို့လည်း ဆိုပါတယ်။

အမေရိကန်နဲ့ အီရန်တို့ကြား မကျေလည် မှုတွေ ရှိပေမယ့် အီရတ် အရေးနဲ့ ပတ်သက်ပြီး အတူ ပူးပေါင်း ဆောင်ရွက်မယ် ဆိုရင်လည်း အံသြစရာတော့ မရှိပါဘူးလို့ ဘီဘီစီ ပါရှန်ဌာန က သတင်းထောက် Kasra Naji က သုံးသပ် ပါတယ်။