အီရတ်အရေး အမေရိကန် စဉ်းစားဆဲ

  • 14 ဇွန် 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption အီရတ်ဟာ ရတဲ့အခွင့် အရေးကို မယူနိုင်ခဲ့ဘူး လို့ အိုဘားမားက ဆို

အီရတ်နိုင်ငံ မြောက်ပိုင်းနဲ့ ဆီးရီယားတို့မှာ၊ နယ်မြေတချို့ကို သိမ်းပိုက်ထားလိုက် နိုင်ပြီ ဖြစ်တဲ့၊ ဘာသာရေး အစွန်းရောက် အဖွဲ့ ISIS ဟာ၊ အီရတ် နိုင်ငံနဲ့ ပြည်သူ တွေရဲ့ အန္တရာယ် ဖြစ်ရုံမျှ မက၊ အမေရိကန် အကျိုး စီးပွား ကိုလည်း အဆုံးစွန် အန္တရာယ် ဖြစ်စေ တယ်လို့၊ အမေရိကန် သမ္မတ အိုဘားမားက ပြောကြား လိုက်ပါတယ်။

ဒါပေမယ့် ဒီအရေးကို ဖြေရှင်းဖို့ ရာနဲ့ ပတ်သက်လို့ တော့၊ အမေရိကန် တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း မစ္စတာ အိုဘားမားက ထပ်လောင်း ပြောကြားလိုက်ခဲ့ပါတယ်။

အမေရိကန် တွေရဲ့ စွန့်လွှတ်မှုတွေကြောင့် အီရတ်နိုင်ငံ အတွက် အနာဂတ် တခု ဖန်တီးပေးနိုင် ခဲ့တယ် လို့လည်း သူက ဆိုခဲ့ သလို အဲဒီ အနာဂတ်ကို အီရတ် လူမျိုးတွေနဲ့ သူတို့ ခေါင်းဆောင် တွေက မဆုပ်ကိုင် ခဲ့ကြဘူး လို့လည်း ပြောသွား ပါသေးတယ်။

သမ္မတအိုဘားမားက အီရတ် အရေးနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် ချဖို့ ရက်အတော် ကြာလိမ့် ဦးမယ်လို့ ပြောပါတယ်။

ဒီ အချိန်မှာပဲ၊ အီရတ်နိုင်ငံက ရှီယာ မွတ်ဆလင်တွေ အလေးအမြတ် အထားဆုံး ဘာသာရေး ခေါင်းဆောင် , Ali al-Sistani က၊ အခုထ ကြွနေတဲ့ ဆွန်နီ အစွန်းရောက် တွေကို၊ လက်နက် စွဲကိုင် ခုခံကြဖို့ တိုက်တွန်း လိုက်ပါတယ်။

ကာဘာလာ မြို့၊ သောကြာနေ့ စုပေါင်း ၀တ်ပြုပွဲမှာ ဒီလို ပြောလိုက်တာဖြစ်ပါတယ်။

ဒီယားလာ နယ်အတွင်းမှာ၊ ဆွန်နီ နဲ့ ရှီယာ လက်နက်ကိုင် အုပ်စုတွေ တိုက်ခိုက် နေတဲ့ သတင်း တွေလည်း ထွက်ပေါ် နေပါတယ်။

တခါ၊ အိုင်းစက်စ် လက်နက်ကိုင်တွေ ကို လိုလားတဲ့ တပ်တွေ၊ မြောက်ဘက် ကနေ ဝင်ရောက်ဖို့ ကြိုးစားနေတဲ့ ဆမားရား မြို့ ကို တော့၊ အစိုးရတပ်တွေရော၊ အစိုးရ အပေါ် သစ္စာခံတဲ့ လက်နက်ကိုင် အုပ်စုတွေရော၊ စစ်ကူရောက်လာကြပါတယ်။

အဲဒီ့မြို့ကို အီရတ် ဝန်ကြီးချူပ် နူရီ အယ်လ် မာလီကီ လည်း၊ လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးဖို့ သွားနေတယ်လို့ ဆိုပါတယ်။