တရုတ်ဝန်ကြီးချုပ် ဗြိတိန်နိုင်ငံကို ၃ရက်ကြာ ရောက်ရှိနေ

  • 17 ဇွန် 2014
ဓာတ်ပုံ မူပိုင် xinhua
Image caption တရုတ်ဝန်ကြီးချုပ် လီကွေ့ချန်ဟာ ဝန်ကြီးချုပ် ကင်မရွန်နဲ့ရော၊ ဘုရင်မကြီးနဲ့ပါ တွေ့ဆုံဖို့ ရှိ

တရုတ်ဝန်ကြီးချုပ် လီကွေ့ချန် ဟာ ဗြိတိန်နိုင်ငံကို မနေ့ကစပြီး ၃ ရက်ကြာ လာရောက်လည်ပတ်နေပါတယ်။

မစ္စတာ လီကွေ့ချန်ဟာ တရုတ်ပြည်မှာ တကယ်တန်း ဘာတွေဖြစ်နေတယ်ဆိုတာကို ဗြိတိန် ပြည်သူတွေ သိစေချင်တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံဟာ စီးပွားရေး အင်အား အလွန်ကြီးမားတဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ ဒါပေမဲ့ ဖွံ့ဖြိုးမှုက ညီညီညာညာ မဟုတ်ပါဘူး။ တချို့နေရာတွေမှာ ခေတ်နောက်ကျ နေပါသေးတယ်။ တရုတ်နိုင်ငံဟာ မျိုးဆက်တဆက် အတွင်းမှာ ဟုန်းကနဲ အောင်မြင်လာတာကို မစ္စတာလီကွေ့ချန်က ဂုဏ်ယူပါတယ်။

ဒါပေမဲ့ လူပေါင်း သန်း ၂၀၀ ကျော်ဟာ ဆင်းရဲမွဲတေမှုအောက် ကျရောက်နေ သေးတယ်ဆိုတာကို လည်း သူကအလေးအနက်ထားပြောကြားသွားပါတယ်။

တချို့ကုန်းတွင်းပိုင်း ဒေသတချို့ရဲ့ တဉီးချင်း ဝင်ငွေဟာ ကမ်းခြေဒေသလူတွေရဲ့ တဦးချင်းဝင်ငွေနဲ့ ယှဉ်ရင် ၃ ချိုးတချိုးပဲ ရှိပါတယ်။

ဒီတော့ ဝန်ကြီးချုပ် လီကွေ့ချန်အနေနဲ့ သူဦးစားပေး ဆောင်ရွက်ချင်တာက မြို့ပြနဲ့ စက်မှုထူထောင်ရေး လုပ်ပြီး ခေတ်မီရေးဆီ ဦးတည်ဖို့လို့ ဆိုပါတယ်။

တရုတ်ပြည်ရဲ့ ဖွံ့ဖြိုး တိုးတက်မှုနှုန်းကို သူရည်မှန်းထားတာက ၇ဒသမ ၅ ရာနှုန်းလို့ ဆိုပါတယ်။ သူ့အနေနဲ့ ဂျီဒီပီတက်ဖို့ချည်း လုပ်နေတာ မဟုတ်ဘူးလို့ ဆိုပါတယ်။ သင့်တင့်တဲ့ အရှိန်နှုန်းနဲ့ မှန်မှန် တိုးတက်နေတာကိုပဲ လိုချင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံဟာ လောလောဆယ်မှာ စစ်အသုံးစရိတ် တိုးမြှင့်သုံးစွဲမှုတွေ ရှိသလို အရှေ့တရုတ်ပင်လယ် တောင်တရုတ် ပင်လယ်မှာ ပြဿနာတွေ ရှိနေပေမဲ့ တရုတ်နိုင်ငံရဲ့ မျှော်လင့်ချက်ဟာ ငြိမ်းချမ်းတဲ့ ကမ္ဘာကိုသာ မျှော်လင့်တယ်လို့သူက ဆိုပါတယ်။

ပြဿနာတွေကို ဆွေးနွေးတဲ့နည်း၊ တိုင်ပင်တဲ့နည်းနဲ့သာ ဖြေရှင်းချင်တဲ့ သဘောထား ရှိတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ဗြိတိန်နဲ့ တရုတ်ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ပြောတဲ့အခါ နိုင်ငံတခုနဲ့ တခုကြားမှာ မတူတာ တွေ အများကြီး ရှိတယ်လို့ သူကဆိုပြီး အဲသလို မတူတာတွေကို ဘယ်လို ကိုင်တွယ် ဖြေရှင်းမလဲဆိုတာ အရေးကြီးတယ်လို့ ပြောသွားပါတယ်။