အာဖရိက တည်ငြိမ်မှု ခြိမ်းခြောက်ခံနေရဟု ကုလ ဆို

ဓာတ်ပုံ မူပိုင် Reuters
Image caption အကြမ်းဖက်အဖွဲ့ ဘိုကိုဟာရမ်ရဲ့ တိုက်ခိုက်မှုတစ်ခု

အာဖရိကတိုက် မြောက်ပိုင်းမှာ အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့ အကြမ်းဖက်မှုတွေ ပိုများလာတဲ့ အတွက် ဒေသ တစ်ခုလုံးရဲ့ တည်ငြိမ်မှုကို ခြိမ်းခြောက်လာနေပြီလို့ ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။

အဆိုးဆုံး ထိခိုက်တဲ့ နိုင်ငံ ၃ နိုင်ငံကတော့ နိုင်ဂျီးရီးယား၊ လစ်ဗျားနဲ့ မာလီ နိုင်ငံတွေ ဖြစ်ပေမယ့် Sahel ကနေ Maghreb အထိ ဒေသတဝန်းလုံးမှာလည်း မနှစ်က တိုက်ခိုက်မှုတွေဟာ ၆၀ ရာခိုင်နှုန်း တိုးတက်လာခဲ့တယ်လို့ လုံခြုံရေး ကောင်စီ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

ဒီဒေသက အလုပ်လက်မဲ့ လူငယ်တွေဟာ အစွန်းရောက် အကြမ်းဖက်သမားတွေ ဖြစ်သွားနိုင်တဲ့ အန္တရာယ် ရှိတဲ့အတွက် ဆင်းရဲတွင်း နက်လွန်းတဲ့ ကိစ္စဟာ ပြဿနာရဲ့ တစိတ်တပိုင်း ဖြစ်တယ်လို့လည်း အဲဒီ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လုံခြုံရေး အားနည်းမှုနဲ့ ဖွံ့ဖြိုးမှု နိမ့်ကျတာတွေကို ကိုင်တွယ် ဖြေရှင်းတဲ့ ကုလသမဂ္ဂရဲ့ အစီအစဉ်တွေ ထိရောက်မှု ရှိရဲ့လား ဆိုတဲ့ အပေါ်လည်း အဲဒီ အစီရင်ခံစာက မေးခွန်းထုတ်ထားကြောင်း ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ