အီရတ်က အမေရိကန်ကို လေကြောင်းအကူတောင်း

  • 19 ဇွန် 2014
Image caption အမေရိကန်လေကြောင်းအကူပေးဖို့ အီရတ် တောင်းဆို

အီရတ်နိုင်ငံမှာ ဆွန်နီ သူပုန်တွေနဲ့ တိုက်ခိုက်နေရတာကို၊ အမေရိကန် ပြည်ထောင်စု အနေနဲ့၊ လေကြောင်း အကူပေးဖို့၊ အီရတ် အစိုးရက၊ တရားဝင် တောင်းဆိုလိုက်ပါတယ်။

အမေရိကန်ရဲ့ ထိပ်တန်း စစ်ဘက် အရာရှိဖြစ်တဲ့ ဗိုလ်ချူပ်ကြီး Martin Dempsey က၊ အီရတ်အစိုးရ ကနေ ဒီလို တောင်းဆိုခဲ့ကြောင်း အတည်ပြု ခဲ့ပေမယ့်၊ အမေရိကန်က ဘယ်လို တုန့်ပြန်မယ် ဆိုတာကိုတော့ မပြောသေးပါဘူး။

အီရတ် နိုင်ငံခြားရေး ဝန်ကြီး Hoshyar Zebari က၊ အီရတ်နဲ့ အမေရိကန်တို့ အကြား၊ ထားရှိထားတဲ့ မဟာဗျူဟာမြောက် သဘောတူမှုတွေ အရ၊ သူပုန်တွေရဲ့ စိတ်ဓာတ် ပျက်ပြားသွားအောင်၊ အရေးကြီးတဲ့ တချို့ ပစ်မှတ်တွေကို၊ အမေရိကန် အနေနဲ့ လေကြောင်းက တိုက်ရိုက် ပစ်ကူပေးဖို့ တရားဝင် တောင်းဆိုထားတယ် ဆိုပြီး ပြောခဲ့ပါတယ်။

အီရတ်နိုင်ငံ ပြိုကွဲနိုင်တဲ့ အန္တရာယ်ရှိနေတာကြောင့် အာရပ်နဲ့ ကျန် နိုင်ငံတကာကပါ ဝိုင်ဝန်းကူညီကြဖို့ သူက ပြောဆိုခဲ့ပါတယ်။

သမ္မတ အိုဘားမား အနေနဲ့၊ အခု အီရတ် အကြပ်အတည်းမှာ၊ သူ့အနေနဲ့၊ ဘယ်လို ပုံစံနဲ့ ကိုင်တွယ်ရမလဲ ဆိုတာကို၊ စဉ်းစားနေဆဲ ဖြစ်ပါတယ်။

စစ်ရေး အရ ဝင်ရောက် စွက်ဖက်ဖို့ ဆိုရင်၊ ဘယ်လို အခြေအနေတွေ ရှိသလဲ ဆိုတာကို၊ မစ္စတာ အိုဘားမားက ကွန်ဂရက် လွှတ်တော် ခေါင်းဆောင်တွေ၊ နိုင်ငံတော် လုံခြုံရေး ကောင်စီ အဖွဲ့ဝင်တွေနဲ့၊ တိုင်ပင် သုံးသပ်နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ