ညီညွတ်တဲ့ အစိုးရ ဖွဲ့ဖို့ အီရတ် ဝန်ကြီးချုပ် ငြင်းဆို

  • 25 ဇွန် 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption ဆူနီတွေကို တန်ပြန် တိုက်ဖို့ အီရတ် တပ်ဖွဲ့တွေ အနေနဲ့ မဟာဗျူဟာမြောက် မဆောင်ရွက်နိုင်သေး

အီရတ်နိုင်ငံမှာ တိုက်ခိုက်နေတဲ့ ဆူနီ စစ်သွေးကြွတွေကို တန်ပြန် ထိန်းချုပ်နိုင်မယ့် အမျိုးသား ကယ်တင်ခြင်း ညွန့်ပေါင်း အစိုးရ တစ်ရပ်ကို ဖော်ဆောင်ဖို့ နိုင်ငံတကာရဲ့ တောင်းဆိုမှုတွေကို ဝန်ကြီးချုပ် နိုရီအယ်လ် မာလီကီက ပယ်ချလိုက်ပါတယ်။

ဒီလို တောင်းဆိုမှုမျိုးဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ နိုင်ငံရေး ဖြစ်စဉ်ကို အာဏာသိမ်းတာပဲလို့ သူ့ရဲ့ အပတ်စဉ် ရုပ်မြင်သံကြား မိန့်ခွန်းမှာ မစ္စတာ မာလီကီက ပြောပါတယ်။

ဘရပ်ဆဲလ်မှာ ဆွေးနွေးနေကြတဲ့ နေတိုးခေါ် မြောက် အတ္တလန်တိတ် စစ်ရေး မဟာမိတ် အဖွဲ့ ခေါင်းဆောင်တွေကတော့ ညီညွတ်တဲ့ အစိုးရ တစ်ရပ် အမြန်ဆုံး ဖွဲ့စည်းဖို့ အီရတ် ခေါင်းဆောင်တွေ အပေါ် အမေရိကန်ရဲ့ တောင်းဆိုမှုကို ထောက်ခံကြပါတယ်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန ကတော့ အီရတ် စစ်တပ်ကို အကြံပေး ကူညီဖို့ အမေရိကန် စစ်ရေး အကြံပေး ၁၃၀ ကို တာဝန်ပေးလိုက်ပြီး လာမယ့် ရက်ပိုင်းအတွင်းမှာ အီရတ်ကို ရောက်ရှိလာမယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ