ယူကရိန်းအစိုးရ အပစ်ရပ်ကာလ ၃ရက်တိုး

ukraine_ ဓာတ်ပုံ မူပိုင် AP
Image caption ယူကရိန်း သမ္မတ ပိုရို ရှင်ကိုနဲ့ အီးယူ ခေါင်းဆောင်တွေ

ယူကရိန်း နိုင်ငံ အရှေ့ဘက်ခြမ်း မှာ၊ အစိုးရဘက်က တစ်ဖက်သတ် ရပ်စဲ ပေးထားတဲ့၊ တစ်ပတ်ကြာ အပစ်အခတ် ရပ်စဲထားမှု ကို၊ ယူကရိန်း သမ္မတ ပက်ထရို ပိုရိုရှင်ကို က ၃ ရက် ထပ်မံ တိုးမြင့် ပေးလိုက်ပါတယ်။

ရုရှားလိုလားသူ ခွဲထွက်ရေး သမားတွေ နဲ့ ဥရောပက လုံခြုံရေးဆိုင်ရာ ကြားဝင် စေ့စပ်ပေးသူတွေ ရဲ့ ဆွေးနွေးပွဲတွေ အတွင်း၊ အစိုးရက အပစ်အခတ် ရပ်စဲပေးထားတဲ့ အပေါ် ခွဲထွက်ရေး လက်နက်ကိုင်တွေကလည်း လိုက်နာနိုင်တယ်လို့ ပြောဆိုခဲ့ အပြီးမှာ၊ ဒီလို ရက်တိုးပေးလိုက်တာ ဖြစ်ပါတယ်။

အခု တိုးမြင့်ပေးလိုက်တဲ့ ၃ ရက် အတွင်း၊ ခွဲထွက်ရေး သူပုန်တွေဘက်က သဘောတူလာရမယ့် အချက်တွေကို သမ္မတ ပိုရိုရှင်ကိုက၊ ချမှတ်ခဲ့ပါတယ်။

ဒါပေမယ့်၊ ခွဲထွက်ရေး သမားတွေကတော့၊ ကြားဝင် စေ့စပ်နေသူတွေ ကနေ တဆင့်ပဲ ဆက်ပြီး အပေးအယူလုပ် ဆွေးနွေး နေချင်ပါတယ်။

ဒီအချိန်မှာပဲ၊ ဥရောပသမဂ္ဂ အီးယူ အဖွဲ့က၊ ရုရှား အနေနဲ့၊ လာမယ့် တနင်္လာနေ့ နောက်ဆုံးထားပြီး၊ ယူကရိန်း အရေးနဲ့ ပတ်သက်ပြီး မူဝါဒတွေ ပြောင်းလဲ မပေးဘူး ဆိုရင်၊ ပိုမို တင်းကြပ်တဲ့ အရေးယူ ပိတ်ဆို့မှုတွေ ကြုံလာရမယ် ဆိုပြီး၊ သတိပေးထားပါတယ်။

တခါ၊ ဥရောပ သမဂ္ဂ အဖွဲ့နဲ့ ယူကရိန်း၊ ဂျော်ဂျီယာ နဲ့ မော်လ်ဒိုဗာ နိုင်ငံတွေ အကြား၊ ပိုမိုနီးကပ်တဲ့ ဆက်ဆံရေး ထူထောင်လာကြတဲ့ အပေါ်၊ နောက်ဆက်တွဲ ဆိုးကျိုးတွေ ထွက်ပေါ်လာနိုင်တယ် ဆိုပြီး၊ ရုရှား လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဂရက်ဂေါ်ရီ ကရာဆင် က သတိပေး လိုက်ပါတယ်။

ဒီနိုင်ငံတွေနဲ့ အီးယူအကြား ဆက်ဆံရေးတွေ ပိုမို တိုးမြင့်လာနေတာဟာ ရုရှားနိုင်ငံရဲ့ စီးပွားရေးကို ထိခိုက်စေမှာလား ဆိုတာ စမ်းစစ်သွားမယ့် အကြောင်း၊ ရုရှား သမ္မတ ပူတင်ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဒီမီထရီ ပက်ရှိကို ကလည်း ပြောခဲ့ပါတယ်။

ယူကရိန်းနိုင်ငံကို ဓာတ်ငွေ့ ပြန်ရောင်းဖို့ ကြံရွယ်ပြီး ရုရှားရဲ့ ဓာတ်ငွေ့တွေ ကို ဝယ်ယူနေတာ လို့ သံသယ ရှိလာရင်၊ ရုရှားက ရောင်းချပေးနေတဲ့ ဓာတ်ငွေ့တွေကို ထိန်းချူပ် သွားမယ်လို့ ရုရှားနိုင်ငံပိုင် သဘာဝဓာတ်ငွေ့ ကုမ္မဏီ ဂက်စ်ပရွမ်ကလည်း၊ သူတို့ရဲ့ ဥရောပက ဖောက်သည်တွေ ကို၊ ပြောဆိုထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ