မန္တလေး ၆ မြို့နယ်မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်

  • 3 ဇူလိုင် 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ဖြစ်စဉ်မှာ ပါဝင်သူ အားလုံးကို အရေးယူမယ်လို့ ဆို

အခြေအနေ မတည်ငြိမ်မှုတွေကြောင့် မန္တလေး မြို့နယ် ၆ ခုမှာ ပုဒ်မ ၁၄၄ ထုတ်ပြန် လိုက်ပါတယ်။

ည ၉ နာရီကနေ မနက် ၅ အတွင်း ၅ ဦးထက် ပိုပြီး လူမစုရ၊ လမ်းမလျှောက်ရ၊ လှုံ့ဆော်မှု မလုပ်ရ စတဲ့ အမိန့်တွေလည်း ပါဝင်ပါတယ်။

အခု ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်တဲ့ မြို့နယ်တွေကတော့ အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန် နဲ့ အမရပူရမြို့နယ်တွေ ဖြစ်ပါတယ်။

ဗုဒ္ဓဟူးညက အဓိကရုဏ်းတွေ အတွင်း ဗုဒ္ဓဘာသာ ၁ ဦးနဲ့ မွတ်ဆလင် ၁ ဦး သေဆုံးကြောင်း မန္တလေး ရဲတပ်ဖွဲ့က အတည်ပြု ပြောကြားပါတယ်။

နောက်ပြီး ၁၄ ဦး ဒဏ်ရာရကာ ၄ ဦးကိုလည်း ဖမ်းဆီးထားတယ်လို့ မန္တလေးတိုင်း နယ်စပ်လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုး ဦးဆောင်ပြီး ကြာသပတေး မနက်ပိုင်းက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာမှာ ပြောခဲ့ပါတယ်။

သေဆုံးမှု ဖြစ်စဉ် ၂ ခုနဲ့ပတ်သက်ပြီး တိုင်းရဲမှုးကြီး ဦးဇော်ဝင်းအောင်က ရှင်းပြရာမှာ ဗုဒ္ဓဟူးည သန်းခေါင်ကျော်အချိန်က ၈၅ လမ်းနဲ့ ၃၅လမ်းထောင့်မှာ ကိုထွန်းထွန်းနဲ့ ကိုထွေးစီလာတဲ့ ဆိုင်ကယ်ကို လူတစုက တားပြီး ရိုက်နှက်ခဲ့လို့ ကိုထွန်းထွန်းသေဆုံးပြီး ကိုထွေး ဒဏ်ရာရတဲ့အကြောင်းနဲ့ မနက် ၄နာရီ ကျော်လောက်မှာ ၈၃ လမ်း နဲ့ ၂၉ လမ်းထောင့်မှာ အစ္စလာမ်ဘာသာဝင် ဦးစိုးမင်းထွေးကိုလည်း လူတစုက ရိုက်နှက်ခဲ့တာကြောင့် သေဆုံးခဲ့တဲ့အကြောင်း ပြောပါတယ်။

ဒီသေဆုံးမှု ၂ ခုမှာ ရိုက်နှက်ခဲ့တယ်ဆိုတဲ့ လူအုပ်စု ၂ စုဟာ ဘယ်သူတွေလဲ ဆိုတာတော့ မပြောပါဘူး။

ဒီလူသတ်မှုတွေနဲ့ တိုက်ရိုက်ပတ်သက်တဲ့ တရားခံတွေကိုတော့ ဖမ်းဆီးနိုင်ခြင်း မရှိသေးဘဲ စုံစမ်းဖေါ်ထုတ်ဆဲဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

မန္တလေးမှာ ဗလီကို မီးရှို့ဖို့ ကြိုးပမ်းမှုတွေလည်း ရှိနေတဲ့အတွက် မြို့နေလူထုကြားမှာ အဓိကရုဏ်းထပ်ဖြစ်မှာကို စိုးရိမ်ပူပန်မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ