အီရတ်မှာ ဖမ်းခံထားရတဲ့ အိန္ဒိယသူနာပြုတွေ ပြန်လွတ်

  • 4 ဇူလိုင် 2014
Indian nurses released ဓာတ်ပုံ မူပိုင် Getty

အီရတ်နိုင်ငံ မြောက်ပိုင်းမှာ ဂျီဟတ်ဝါဒီလို့ ယူဆရသူတွေရဲ့ ဖမ်းဆီးတာ ခံခဲ့ရသူ အိန္ဒိယ သူနာပြု ၄၆ ယောက် ပြန်လွတ်လာပြီလို့ အိန္ဒိယ နိုင်ငံကလာတဲ့ သတင်းတွေ အရ သိရ ပါတယ်။

အိန္ဒိယ သူနာပြုတွေကို Kurdish တွေရဲ့ Irbil မြို့မှာ အိန္ဒိယ အရာရှိတွေလက်ထဲ လွှဲပြောင်း ပေးခဲ့တယ်လို့ အိန္ဒိယနိုင်ငံ Doordarshan ရုပ်မြင်သံကြားက ကြေညာခဲ့တာပါ။

အခု ပြန်လွတ်လာတဲ့ သူနာပြုတွေက စနေနေ့မှာ အိန္ဒိယကို ပြန်လာကြမယ်လို့ မျှော်လင့်ရပါတယ်။

အဲဒီ သူနာပြုတွေက ဆွန်နီစစ်သွေးကြွ ISIS သူပုန်တွေ ထိုးစစ်ဆင်နေတဲ့ Tikrit မြို့က ဆေးရုံမှာ အလုပ်လုပ်နေကြသူတွေ ဖြစ်ပါတယ်။

သူတို့ဟာ အိန္ဒိယနိုင်ငံတောင်ပိုင်း ကေရာလားပြည်နယ်က ဖြစ်ကြပြီး အိန္ဒိယ အစိုးရက အထူးစီစဉ်ပေးတဲ့ လေယာဉ်နဲ့ ပြန်ခေါ်လာမယ်လို့ ကေရားလားပြည်နယ် ဝန်ကြီးချုပ်က ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ကလည်း အီရတ်သူပုန်တွေက သူတို့ ဖမ်းထားတဲ့ တူရကီ ကားသမား ၃၂ ယောက်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။