ဗြိတိန်မှာ ဆောက်တဲ့ အကြီးဆုံး စစ်သင်္ဘောကြီး ရေချ

  • 4 ဇူလိုင် 2014
Queen Elizabeth Ship launched ဓာတ်ပုံ မူပိုင် PA
Image caption Queen Elizabeth သင်္ဘောကြီး ရေချ အခမ်းအနားကို ဘုရင်မကြီး ဖွင့်လှစ်

ဗြိတိသျှ ဘုရင်မကြီး နာမည် Queen Elizabeth လို့ ဂုဏ်ပြု မှည့်ခေါ်လိုက်တဲ့ ဗြိတိန်ရဲ့ အကြီးဆုံး စစ်သင်္ဘောသစ်ကြီးကို ရေချ အခမ်းအနား ကျင်းပခဲ့ ပါတယ်။

ဒီစစ်သင်္ဘောကြီးဟာ ဘတ်စ်ကား ၂၅ စီး ဆက်ထား သလောက် ရှည်လျားပြီး ဂျက်လေယာဉ်ပျံကြီး အစီး ၄ဝ သယ်နိုင်တဲ့ အထိ ကြီးမားတဲ့ လေယာဉ်တင် သင်္ဘောကြီးဖြစ်ပါတယ်။

သင်္ဘောကြီးကို စကော့တလန် သင်္ဘောကျင်းမှာ ဆောက်ပြီး ရေချတာ ဖြစ်တဲ့ အပြင် ဘုရင်မကြီးရဲ့ မယ်တော်ဘက်က စကော့ မျိုးရိုး ဖြစ်လို့ ဒီသင်္ဘောကို စကော့တလန် ဝီစကီ ပုလင်းနဲ့ ဘုရင်မ ကိုယ်တော်တိုင် ဖွင့်လှစ်ခဲ့ပါတယ်။

နာမည်ကျော် ဗြိတိသျှ ရေတပ် သမိုင်းမှာ ခေတ်သစ် စာမျက်နှာသစ် ဖွင့်လိုက်တာ ဆိုပြီး ဗြိတိန်က ဆောက်ဖူးသမျှ ထဲမှာ အကြီးဆုံး စစ်သင်္ဘောကြီးကို သက်တော် ၈၈ နှစ် အရွယ် ဘုရင်မကြီးက ဖွင့်လှစ် ပေးခဲ့ပါတယ်။

ဗြိတိန် အစိုးရက စကော့တလန် နဲ့ သွေးစည်း ညီညွတ်ရေး စိတ်ဓာတ်ပြဖို့ ဒီလို စစ်သင်္ဘောကြီးမျိုး စကော့တလန်မှာ လာဆောက်တာ ဖြစ်ပေမဲ့ စကော့တွေ ဘက်ကတော့ လွတ်လပ်ရေး ရရင် သူတို့လဲ ဒါမျိုး ဆောက်နိုင်တယ်လို့ မြင်နေပါတယ်။

ဗြိတိန်က ဝေလမင်းသား ဆိုတဲ့ စစ်သင်္ဘောကြီး တစင်ကိုလည်း ဒီသင်္ဘောကျင်းမှာပဲ အခုနှစ် ထဲမှာ ကုန်းပတ်တပ် ဖို့ ရှိပါသေးတယ်။

ဒီသင်္ဘော ၂ စီး အတွက် သံပုံ လောင်းတာကို လွန်ခဲ့တဲ့ ၅ နှစ်က စခဲ့ပြီး ၃ နှစ် အတွင်းမှာ သင်္ဘော ကုန်းပတ်ဆင်ဖို့ အဆင်သင့် တည်ဆောက် ပြီးစီးခဲ့ပါတယ်။

လူပေါင်း တသောင်းလောက် နဲ့ တည်ဆောက်ခဲ့ရတာ ဖြစ်ပါတယ်။

အခု ဒီသင်္ဘောကြီး ရေချတဲ့ နေ့ကလဲ အမေရိကန် လွတ်လပ်ရေးနေ့ကြီး ဖြစ်ပါတယ်။

ခုလို စီးပွားရေး မကောင်းသေးတဲ့ အချိန်မှာ ဗြိတိန်က ပင်လယ်ထဲမှာ မြို့ကြီးတမြို့လို ကြီးမားတဲ့ စစ်သင်္ဘောကြီးတွေ ဆောက်နေတာက ဗြိတိန်ရဲ့ စစ်ရေး အင်အားကို ဆက်ပြီး တန်ခိုးပြ ချင်သေးတဲ့ လက္ခဏာတွေ ပဲလို့ ဝေဖန် ပြောဆို နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ