ဗီယက်နမ်စစ်ရဟတ်ယာဉ်ပျက်ကျမှု ၁၆ ဦးသေဆုံး

  • 7 ဇူလိုင် 2014
vietnam plane crashed
Image caption ဗီယက်နမ်က ရုရှားလုပ် MI-171 ရဟတ်ယာဉ် တစီး

ဗီယက်နမ်စစ်ရဟတ်ယာဉ် တစီး တနင်္လာနေ့အစောပိုင်းက ဟနွိုင်းမြို့တော်အနီးမှာပျက်ကျခဲ့ရာ လူ ၁၆ဦး သေဆုံးပြီး ၅ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဗီယက်နမ်အရာရှိတွေက ပြောပါတယ်။

MI-171 ရဟတ်ယာဉ်ဟာ လေ့ကျင့်ရေးခရီးစဉ်အတွင်း စက်ချို့ယွင်းမှုကြောင့် Thach That ခရိုင်ရှိရွာထဲကိုပျက်ကျသွားခဲ့တာဖြစ်တယ်လို့ ဒုတိယစစ်ဦးစီးချုပ် Vo Van Tuan က ဘီဘီစီကို ပြောပါတယ်။ သေဆုံးသူနဲ့ ဒဏ်ရာရသူတွေ အားလုံးဟာ စစ်မှုထမ်းတွေဖြစ်ကြတယ်လို့ သူက ပြောပါတယ်။

ရဟတ်ယာဉ်ဟာ မပျက်ကျခင်အချိန်မှာ ခက်ခက်ခဲခဲပျံသန်းနေရတယ်လို့လည်း မျက်မြင်တဦးက ပြောပါတယ်။

ဒါ့ပြင် ရဟတ်ယာဉ်ဟာ အနိမ့်မှာ ပျံသန်းနေစဉ် မြေပြင်နဲ့ထိပြီးတပြိုင်နက် ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ဒေသခံတဦးက အေအက်ဖ်ပီသတင်းဌာနကို ပြောပါတယ်။

လေယာဉ်မှူးဟာ အနားမှာရှိတဲ့ ဈေးနဲ့လူနေအိမ်တွေပေါ်မပျက်ကျမိစေဖို့ လမ်းကြောင်းပြောင်းရာမှာ ကွင်းပြင်ပေါ်ထိုးကျသွားခဲ့ပုံရတယ်လို့ သူကပြောပါတယ်။

ဗီယက်နမ်လေတပ်ရဲ့ သက်တမ်းရင့်လေယာဉ် အများစုဟာ ရုရှားနိုင်ငံက ၀ယ်ယူထားတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ လေးနှစ်က ဒီရက်မှာပဲ MIC-21 တိုက်လေယာဉ် တစီးပျက်ကျခဲ့ပေမယ့် လေယာဉ်မှူးတွေက အချိန်မီ လေထီးနဲ့ခုန်ဆင်းနိုင်ခဲ့ပါတယ်။

၂၀၀၈ခုနှစ်မှာလည်း တကြိမ် ဟနွိုင်းမြို့အပြင်ဘက်မှာ စစ်လေယာဉ်တစီးပျက်ကျခဲ့ရာ လေယာဉ်မှူး ၅ ဦး သေဆုံးခဲ့ပါတယ်။