ပြင်သစ်နဲ့ ဗြိတိန်နိုင်ငံသားတွေ စိစစ်ခံရ

  • 9 ဇူလိုင် 2014
_french_canbinet ဓာတ်ပုံ မူပိုင် NA
Image caption ပြင်သစ်ဝန်ကြီးအဖွဲ့ ရဲ့ ဥပဒေသစ်

ပြင်သစ် အစိုးရ က၊ ပြင်သစ်နိုင်ငံသားတွေ ဆီးရီးယား နဲ့ အီရတ် နိုင်ငံတွေ မှာရှိတဲ့၊ အစ္စလမ် လက်နက်ကိုင် အဖွဲ့တွေ နဲ့ ပူးပေါင်းမှာ ကို၊ ထိန်းချုပ်နိုင်ဖို့ အတွက်၊ အရေးယူဆောင်ရွက်မှု ဥပဒေသစ် ကို ဝန်ကြီးအဖွဲ့ က ခွင့်ပြုလိုက်ပါပြီ။

အဆိုပါ ဥပဒေ အရ အထက်ပါ နိုင်ငံတွေ ဘက် ထွက်ခွာပြီး၊ အစွန်းရောက် အုပ်စုတွေ နဲ့ အဆက်အသွယ် ရှိရာ က၊ ခရီးထွက်မယ့် မသင်္ကာဖွယ် လူတွေ ကို တားမြစ်ဖို့ ဖြစ်ပါတယ်။ ပြင်သစ် အစိုးရ အဆို အရ၊ အစ္စလာမ်ဘာသာဝင် လူငယ်တွေ ၂ ယောက်၊ ၃ ယောက်ခန့် ဟာ၊ နေ့စဉ် လို လေဆိပ် ကနေ ထွက်ခွာနေကြတာပါ။ သူတို့ရဲ့ ခရီးစဉ် က တူရကီ နိုင်ငံ ကို ဦးတည်ပြီး၊ တူရကီမှ တဆင့် နယ်စပ် ဖြတ်ကျော်ယင်း၊ အစ္စလာမ် အစွန်းရောက် တွေ နဲ့ ပူးပေါင်းကြတာပါ။

အဲဒီ့ အတွက်၊ ပြင်သစ် ပြည်ထဲရေး ဝန်ကြီး ဘယ်နား ကာဇန်နယူဗေး က၊ ပြင်သစ် အစိုးရ ရဲ့ အဓိက စိုးရိမ်ချက်က၊ ဒီလူတွေ ဟာ အရှေ့ အလယ်ပိုင်းဒေသ စစ်ပွဲတွေ က ပြန်လာပြီးရင်၊ ဥရောပ ဘက်မှာ တိုက်ခိုက်မှာ ကို ဖြစ်တဲ့ အကြောင်း ပြောပါတယ်။ သူတို့တတွေ ဟာ ဥရောပ နိုင်ငံသားတွေ ဖြစ်နေပေမယ့်၊ အကြမ်းဖက်မှုတွေ၊ ရက်စက်မှု တွေ စတဲ့ အနိဌာရုံ တွေ ကြုံတွေ့ လာတဲ့ နောက်ပိုင်းမှာ၊ ဥရောပ နိုင်ငံတွေ ဘက်မှာပါ၊ ဖေါက်ခွဲမှု တွေ၊ တိုက်ခိုက်မှု တွေ လုပ်လာနိုင်စရာ အကြောင်းရှိတဲ့ အတွက် ကြိုတင် ပြင်ဆင်တဲ့ အနေနဲ့ ၊ ဒီလူတွေ ပြင်သစ် နိုင်ငံ အတွင်း က ထွက်ခွာခွင့် မရ အောင်၊ တားမြစ်တဲ့ ဥပဒေ ပါ လို့ ရှင်းပြပါတယ်။

တခါ ဗြိတိန်နိုင်ငံမှာလည်း၊ နိုင်ငံ အနောက်မြောက်ပိုင်း နေ၊ ဆယ်ကျော်သက်ရွယ် အစ္စလာမ် ဘာသာဝင် ဆိုမာလီ အမြွာ ညီအမ နှစ်ဦးဟာ၊ ပြီးခဲ့ တဲ့ သီတင်းနှစ်ပတ် က၊ နေအိမ် ကနေ ထွက်ခွာ၊ ပျောက်ဆုံး နေကြောင်း မိဘ က ရဲ တိုင်လို့၊ ရဲတွေ စုံစမ်းနေပါပြီ။ သူတို့ရဲ့ အကို ဖြစ်သူ ဟာ ဆီးရီးယား ဘက်ထွက် သွားလို့၊ အမြွာ ညီအမ ကပါ လိုက်ပုံရကြောင်း၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး အရာရှိတွေ က စုံစမ်း ထောက်လှမ်း နေပါပြီ။